လုပ်ငန်းခွင်မှာ အချိန်ဆုံးရှုံးမှုတွေကို ရှောင်ကြဉ်နိုင်မယ့်နည်းလမ်းကောင်း (၈) ခု

ကျွန်တော်တို့တွေဟာ တစ်နေ့တာမှာ အလုပ်ချိန်အများကြီးရှိကြတာမဟုတ်လို့ ရတဲ့အချိန်ကို အကျိုးရှိရှိအသုံးချတတ်ဖို့ အရေးကြီးပါတယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်ပိုတွင်ဖို့ဆိုတာ ကျားကုတ်ကျားခဲလုပ်ယူရတဲ့ကိစ္စ မဟုတ်ပေမယ့်လို့ ကိုယ့်အချိန်ကို ကောင်းကောင်းစီမံတတ်ဖို့လိုတာ အမှန်ပါ။ ဒီပို့စ်မှာတော့ အဲဒီလိုအလုပ်ပိုပြီးမြောက်စေဖို့ ရိုးရှင်းထိရောက်တဲ့နည်းလမ်းတွေကို ဖော်ပြပေးသွားပါမယ်။

၁. 🔹အလုပ်တွေကို အချိန်ဘယ်လောက်ယူပြီးလုပ်နေသလဲဆိုတာ တွက်ချက်ပါ။🔹

ကျွန်တော်တို့အနေနဲ့ အလုပ်တွေကို အချိန်ဘယ်လောက်ယူပြီး လုပ်နေသလဲဆိုတဲ့နေရာမှာ အတွက်အချက်ကောင်းလှပြီလို့ ထင်နေပါသလား? ဥပမာ – နေ့စဉ်အလုပ်တာဝန်တွေအပြင် ဆိုရှယ်မီဒီယာ၊ အီးမေးလ်တွေ အတွက် အသုံးပြုတဲ့အချိန်တွေ အပါအဝင်ပေါ့။ ဒါပေမဲ့လည်း ၁၇ ရာခိုင်နှုန်းသောလူတွေသာ ကိုယ်အသုံးပြုတဲ့အချိန်ကို အတိအကျခန့်မှန်းနိုင်တယ်လို့ ဆိုပါတယ်။

၂. 🔹နားချိန်ပုံမှန်ယူပါ။🔹

အလုပ်မှာ နားချိန်ကို သူ့အချိန်နဲ့သူထားတာဟာအလုပ်မှာအာရုံစိုက်နိုင်စွမ်း ပိုတိုးစေပါတယ်။ အချိန်ယူပြီးလုပ်ရတဲ့အလုပ်တွေမှာ ခဏတဖြုတ် နားနားပေးရင် ကိုယ့်ရဲ့လုပ်ဆောင်ရည်ကို ကျမသွားစေအောင် ထိန်းထားနိုင်ပါတယ်။အလုပ်တစ်ခုကို နားချိန်လုံးဝမယူဘဲ ဆက်တိုက်လုပ်တဲ့အခါ လုပ်ဆောင်ရည်ကို ကျဆင်းစေပါတယ်။

၃. 🔹ကိုယ်တိုင်သတ်မှတ်တဲ့ Deadline တွေထားရှိပါ။🔹

ကိုယ် ကိုယ်တိုင်ထားရှိတဲ့ သင့်တင့်မျှတတဲ့ စိတ်ဖိစီးမှုက အာရုံစူးစိုက်မှုကိုပိုစေပြီး အလုပ်ပြီးမြောက်စေပါတယ်။ အချိန်စိတ်ကြိုက်ယူလို့ရတဲ့အလုပ် ဒါမှမဟုတ် ပရောဂျက်တွေမှာ Deadline ကို ကိုယ့်ဘာသာသတ်မှတ်ပြီး လုပ်ကြည့်လိုက်ပါ။ ကိုယ်သတ်မှတ်ထားတဲ့အချိန် အမီပြီးအောင်လုပ်နေရတဲ့အတွက် အာရုံဘယ်လောက်ပိုစိုက်နိုင်ပြီး အလုပ်ဘယ်လောက်တွင်သလဲဆိုတာ အံ့သြစရာတွေ့ရပါလိမ့်မယ်။

၄. 🔹“၂ မိနစ်စည်းမျဉ်း”ကို ကျင့်ကြံပါ။🔹

၂ မိနစ် (သို့) ၂ မိနစ်အောက်နဲ့ ပြီးနိုင်တဲ့အလုပ်ဆိုရင် ချက်ချင်းလုပ်လိုက်ပါ။ အဲ့ဒီအလုပ်ကို ချက်ချင်းလုပ်လိုက်တာက နောက်မှပြန်စလုပ်တာထက် အချိန်သက်သာစေပါတယ်လို့ နာမည်ကျော်အောင်မြင်ရေးစာရေးဆရာ တစ်ယောက် က ပြောကြားခဲ့ပါတယ်။ ဒီစည်းမျဉ်းကို အောင်မြင်ကျော်ကြားတဲ့ပုဂ္ဂိုလ်အများအပြားက ကျင့်သုံးနေကြပါတယ်။

၅. 🔹ငြင်းပယ်လို့ ရနိုင်တဲ့ အစည်းအဝေးတွေကို ငြင်းလိုက်ပါ။🔹

အစည်းအဝေးတွေဟာ အချိန်အကုန်ဆုံးအရာတွေထဲကတစ်ခုပါ။ပျမ်းမျှရုံးဝန်ထမ်းတွေဟာ အကျိုးမထူးတဲ့ အစည်းအဝေးတွေမှာ နာရီတော်တော်များများကို သုံးနေရပါတယ်။ အဲ့ဒါကြောင့် သင့်အနေနဲ့ နောက်ထပ် အစည်းအဝေးတစ်ခု မလုပ်ခင်မှာ အစည်းအဝေး အတွက် ရည်ရွယ်တဲ့ အလုပ်တွေကို အီးမေးလ် သို့မဟုတ် ဖုန်းနဲ့တင် လုပ်လို့ဖြစ်မလား ဆိုတာ စဉ်းစားပါ။

၆. 🔹အလုပ်သွားတဲ့အခါလမ်းပေါ်ကအချိန်ကိုအသုံးချပါ။🔹

ဒါကတော့ ကိုယ့်အတွက် အချိန်ဘောနပ်စ်ရထားသလိုပါပဲ။ အလုပ်ကိုသွားတဲ့လမ်းမှာ မိုဘိုင်းဂိမ်းဆော့တာတို့ Facebook သုံးတာတို့လုပ်မယ့်အစား အလုပ်အီးမေးလ်ပို့တာတို့၊ တစ်နေ့တာလုပ်စရာကို စာရင်းလုပ်တာတို့ ဒါမှမဟုတ် အိုင်ဒီယာသစ်တွေစဉ်းစားတာတို့ ပြုလုပ်နိုင်ပါတယ်။

၇. 🔹အလုပ်သုံးလေးမျိုးကို တစ်ပြိုင်တည်းမလုပ်ပါနဲ့။🔹

အလုပ်သုံးလေးမျိုးကို တစ်ပြိုင်တည်းလုပ်နိုင်တဲ့စွမ်းရည်ကို အရေးကြီးတဲ့စွမ်းရည်တစ်ခုလို့ ယူဆတတ်ကြပေမယ့် အဲ့ဒီစွမ်းရည်က ထင်သလိုအလုပ်မပြီးမြောက်စေပါဘူး။ လုပ်ငန်းတာဝန်အများအပြားကို တစ်ပြိုင်နက်တည်းလုပ်တာဟာ အချိန်ကုန်စေသလို အလုပ်လည်းမတွင်လှပါဘူး။ အလုပ်တစ်ခုကို အရင်ပြီးမြောက်အောင်လုပ်ပြီးမှ နောက်အလုပ်ကို ပြုလုပ်ပါ။

၈. 🔹ကိုယ်လက်လှုပ်ရှားဖို့ နားချိန်ယူပါ။🔹

ကိုယ်လက်လှုပ်ရှားဖို့ အချိန်ပေးတာဟာ အလုပ်တွင်စေဖို့ အမှန်တကယ် အကူအညီဖြစ်စေနိုင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် ရုံးတက်ရတဲ့နေ့တွေထဲမှာ လမ်းလျှောက်ဖို့ သို့မဟုတ် Gym ကိုသွားဖို့အတွက် အချိန်ထည့်သွင်းသတ်မှတ်ထားပါ။ ကိုယ်လက်လှုပ်ရှားခြင်းကနေ သွေးလည်ပတ်မှုကောင်းစေတာဟာ ခေါင်းကြည်စေပြီး အာရုံစူးစိုက်မှုပြန်ရဖို့ လိုအပ်နေတဲ့အရာ ဖြစ်နိုင်ပါတယ်။

▪️အထက်ပါ အချက်လက်တွေကတော့ အလုပ်ခွင်မှာ အချိန်ဆုံးရှုံးမှုတွေကို ရှောင်ကြဉ်နိုင်မယ့် နည်းလမ်းကောင်းတွေကို ရေးသားထားတာပါ။
နောက်နေ့တွေမှာလည်း တခြားသော စိတ်ဝင်စားစရာ၊ ဗဟုသုတရစရာတွေကို တင်ပြပေးသွားပါဦးမယ်။
Aung Myin Page ကို Like and See First လုပ်ပြီး ဆက်လက်ကြည့်ရှုပေးပါဦးနော်။ ကျေးဇူးတင်ပါတယ်။

အမြန်ဆုံးရာထူးတိုးရန်အတွက် လုပ်ဆောင်သင့်တဲ့အချက် (၁၀) ချက်

အပြောင်းအလဲမြန်တဲ့ ဒီနေ့ခေတ် စီးပွားရေးလောကမှာ ကိုယ့်အသက်မွေးဝမ်းကြောင်းတက်လမ်းကို ကိုယ်တိုင်ဖန်တီးစီမံနိုင်ဖို့ အရေးကြီးပါတယ်။ ကိုယ်လိုချင်တဲ့ရာထူးမှန်သမျှကတော့ ထိုင်နေရုံနဲ့ အလိုလိုမိုးပေါ်က ကျမလာပါဘူး။ ကိုယ်ကစပြီး လမ်းဖောက်ကြိုးစားရမှာပါ။ ပြီးရင်တော့ တရားနည်းလမ်းကျကျ ပြေပြေပြစ်ပြစ်နဲ့ ရာထူးကိုတောင်းဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် ရာထူးတက်ဖို့မတောင်းဆိုခင် ကိုယ့်လုပ်ရည်ကိုင်ရည်မှာ အောက်မှာ ဖော်ပြထားတဲ့အချက်တွေနဲ့ ပြည့်စုံနေပြီလားလို့ သေချာစီစစ်ကြည့်ရပါမယ်။

🔶 ၁. အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်ပါ။

ကိုယ်ရောက်နေတဲ့နေရာမှာ ကိုယ်လုပ်ကိုင်နေတဲ့ပုံဟာ နောက်ရာထူးအတွက် အဓိကသော့ချက်ပါ။ လုပ်သမျှ အောင်မြင်တယ်ဆိုတဲ့ မှတ်ချက်တွေနဲ့ သာမန်ထက် ပိုတဲ့ ကိုယ့်စွမ်းရည်ဟာ အများကြီးအထောက်အကူပြုမှာဖြစ်ပါတယ်။ တခြားဌာနတွေကို ကိုယ့်ဆန္ဒနဲ့ကိုယ် ကူညီတာမျိုး ဒါမှမဟုတ် တာဝန်လေးတစ်ခုပဲ ဖြစ်ဖြစ် ပိုယူလိုက်တာဟာ အဖွဲ့အစည်းထဲက ကိုယ့်တန်ဖိုးကို မြှင့်တင်ရာရောက်ပါတယ်။ ကိုယ့်ကို အလုပ်တွေထပ်ပေးဖို့တောင်းဆိုလိုက်တာဟာ ကုမ္ပဏီကိုအောင်မြင်စေချင်တဲ့ ကိုယ့်စေတနာကို ဖော်ပြရာ ရောက်ပါတယ်။ အလုပ်မှာ ကိုယ့်တန်ဖိုးဘယ်လောက်ရှိသလဲဆိုတာကို မီးမောင်းထိုးပြရာလည်း ရောက်ပါတယ်။

🔶 ၂. အဖွဲ့အစည်းနဲ့ အလုပ်လုပ်တတ်သူ ဖြစ်ပါစေ။

ဒီနေ့ခေတ် အလုပ်တော်တော်များများဟာ အသင်းလိုက် ဌာနလိုက် အပြင် တခြားဌာနတွေနဲ့ ပါ ပူးပေါင်းလုပ်ဆောင်မှ အောင်မြင်တတ်တာပါ။ ဒါကြောင့် အောင်မြင်တဲ့အခါ တစ်သင်းလုံးမျှဝေဂုဏ်ယူတတ်ဖို့နဲ့ ကျရှုံးတဲ့အခါ သူများကို လက်ညှိုးမထိုးတတ်ဖို့ ပိုအရေးကြီးလာပါတယ်။ အဖွဲ့အစည်းကို တန်ဖိုးထားသူဖြစ်မှသာလျှင် သင့်နာမည် သင့်တန်ဖိုးဟာ အဖွဲ့အစည်းထဲမှာ ပိုမိုမွှေးပျံ့လာမှာဖြစ်ပါတယ်။
ပရောဂျက်အသစ်တွေကို ဘယ်သူမှမတိုက်တွန်းရဘဲ ကိုယ့်သဘောအတိုင်း စိတ်ပါလက်ပါကူညီပါ။ အချိန်ရတိုင်း ကိုယ့်အထက်လူကြီးနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ကူညီပါ။ ဒါဆိုရင် ကိုယ့်ကို အဖွဲ့အစည်းနဲ့လုပ်ကိုင်တတ်သူ၊ လူတိုင်းက အလုပ်တွဲလုပ်ချင်တဲ့သူ တစ်ယောက် အဖြစ် အသိအမှတ်ပြုလာကြမှာ ဖြစ်ပါတယ်။

🔶 ၃. မိတ်ဆွေကောင်းကောင်းဖွဲ့တတ်ဖို့ ကြိုးစားပါ။

ကုမ္ပဏီစားပွဲတွေ၊ တွေ့ဆုံပွဲတွေကို တက်ရောက်ပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးလေလေ ရာထူးတက်ဖို့စဉ်းစားတဲ့အခါ သိသာလေလေပဲ ဖြစ်ပါတယ်။ ကုမ္ပဏီမှာ ကိုယ့်နာမည်၊ ကိုယ့်အားသာချက်၊ ကိုယ်လုပ်နိုင်တာတွေ၊ ကိုယ့်တန်ဖိုးတွေကို သိတဲ့လူများလေလေ အခွင့်ကြုံလာတိုင်း ကိုယ့်အကြောင်းကို ထည့်ဆွေးနွေးလာကြလေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီကုမ္ပဏီမှာ ကိုယ်လိုချင်တဲ့ရာထူးမတိုးခဲ့ရင်တောင် အသိမိတ်ဆွေ အဆက်အသွယ် ပေါများခြင်းဟာ တခြားကုမ္ပဏီမှာ အလုပ်သစ်ရစေဖို့ ကူညီပေးနိုင်မှာပါ။ အထက်လူကြီးတွေဟာ သူတို့ကောင်းကောင်းသိတဲ့ဝန်ထမ်းကို အကြောင်းမသိတဲ့သူထက် ပိုပြီး ရာထူးတိုးပေးချင်တတ်ကြပါတယ်။ လုပ်ငန်းရှင် ယုံကြည်ချစ်ခင်လာအောင် သူ့ရဲ့ဝါသနာ၊ လုပ်ငန်းပြင်ပလှုပ်ရှားမှုတွေကိုလေ့လာပါ။ ဒါတွေကိုသုံးပြီး အလုပ်နဲ့မဆိုင်တဲ့ ပေါ့ပေါ့ပါးပါးပွဲမျိုးတွေမှာ အထက်လူကြီးနဲ့ စကားစမြည်ပြောကြည့်နိုင်ပါတယ်။

🔶 ၄. ဗဟုသုတအသစ်တွေ၊ လက်တေ့ွကျွမ်းကျင်မှုအသစ်တွေကို လေ့လာသင်ယူပါ။

ရာထူးတိုးဖို့အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ ပညာရပ်နဲ့ ကျွမ်းကျင်မှုတွေ ကိုယ့်ဆီမှာ အဆက်မပြတ် တိုးပွားနေတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အလုပ်သာမက လုပ်ငန်းနယ်ပယ်နဲ့ ပတ်သက်နေတဲ့ အကြောင်းအရာတွေကိုလည်း လေ့လာနေရမှာ ဖြစ်ပါတယ်။ ရုံးတွင်းမှာကော ရုံးပြင်ပမှာပါ ကိုယ့်စွမ်းရည်တွေ တိုးတက်မယ့် အခွင့်အရေးတွေအပေါ် ကိုယ်ဘယ်လောက် မြှုပ်နှံထားလဲဆိုတာ အထက်လူကြီးတွေ သိအောင်ပြသင့်ပါတယ်။ ဆိုလိုတာက မာစတာဘွဲ့ကြီးတွေ ရနေမှ ကြိုးစားတာမဟုတ်ပါဘူး။ ဥပမာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဆွေးနွေးပွဲတွေတက်တာမျိုးဟာ စဉ်ဆက်မပြတ် သင်ယူခြင်း တစ်ခုပါပဲ။ ဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်ဟာ အလုပ်အပေါ် အလေးအနက်ထားပြီး သူတစ်ပါးအခွင့်အရေးပေးတာကို ထိုင်စောင့်နေမယ့် လူမျိုးမဟုတ်ဘူး ဆိုတာကို ပေါ်လွင်စေပါတယ်။

🔶 ၅. ဌာနပြင်ပကိုလည်း မျှော်ကြည့်တတ်ပါစေ။

တကယ်လို့ ကိုယ့်လက်ရှိဌာနထဲမှာ တက်စရာလမ်းမမြင်တော့ဘူးဆိုရင် ကုမ္ပဏီထဲက တခြားနေရာတွေမှာလည်း အခွင့်အရေးရှိမရှိ ရှာကြည့်သင့်ပါတယ်။ ကုမ္ပဏီကြီးတော်တော်များများကတော့ သူတို့ဝက်ဘ်ဆိုက်တွေမှာ လစ်လပ်အလုပ်နေရာတွေကို တင်ထားတတ်ပါတယ်။ တချို့နေရာတွေဆိုရင် အပြင်ထက်အရင် ကုမ္ပဏီတွင်းဝန်ထမ်းတွေကိုဦးစားပေးပြီး လျှောက်ခွင့်ပေးတာမျိုး ရှိပါတယ်။ ဒါကြောင့် အလုပ်ခေါ်စာတွေကို မှန်မှန်ကြည့်ပြီး ကိုယ့်နောက်ခံအရည်အချင်း အတွေ့အကြုံနဲ့ ကိုက်ညီတဲ့ အလုပ်မျိုးကို လျှောက်ထားသင့်ပါတယ်။

🔶 ၆. သင်ပြပေးနိုင်မယ့်သူ ရှာတတ်ပါစေ။

မကြာသေးခင်ကလေ့လာချက်တစ်ခုအရ ရာထူးတိုးသူ ငါးဦးထဲမှာ လေးဦးဟာဆိုရင် ကုမ္ပဏီတွင်း အထက်လူကြီးတစ်ဦးက ဆရာအဖြစ် သင်ပြပေးတဲ့ဆက်ဆံရေးအပြင် အဲ့ဒီအထက်လူကြီးက ကိုယ့်ကောင်းသတင်းတွေကို မျှဝေပေးခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့် ကိုယ့်အထက်က လူတွေဆီမှာ တပည့်ခံနိုင်အောင်ကြိုးစားပါ။ ဆရာသမားဆိုတာ လုပ်ငန်းအတွက် နည်းပေးလမ်းပြဖြစ်တဲ့ အပြင် သတင်းအချက်အလက်တွေ ရဖို့လည်း အကောင်းဆုံးပဲ ဖြစ်ပါတယ်။

🔶 ၇. ရလဒ်များကို မှတ်တမ်းစာရင်းပြုပါ။

အတိတ်က ကိုယ့်ရဲ့အောင်မြင်မှုတွေကို အတိအကျတင်ပြနိုင်လေလေ ရာထူးတိုးဖို့အခွင့်အရေးရလာလေလေဖြစ်ပါတယ်။ ကိုယ်လုပ်ခဲ့တဲ့ အလုပ်တွေထဲမှာ ကုမ္ပဏီ နဲ့ ဌာနအတွက် အကျိုးပြုတာမှန်သမျှကို စာရင်းပြုစုထားပါ။ ကိုယ့်လုပ်ဆောင်ချက်တွေထဲမှာ တီထွင်ဖန်တီးနိုင်စွမ်းကိုပေါ်လွင်စေတာမျိုး၊ ဆန်းသစ်တဲ့ အကြံဉာဏ်မျိုး၊ အဖွဲ့အစည်းအပေါ် ကိုယ်ဘယ်လောက်သစ္စာရှိကြောင်း၊ ဘယ်လိုမျိုး ဘဝကို မြုပ်နှံထားကြောင်းတွေကို အထက်လူကြီးမှတ်မိအောင် လုပ်ဆောင်ပြသပါ။ ဒီလို အချက်အလက်တွေ စုဆောင်းထားခြင်းဟာ ကိုယ်ရေးမှတ်တမ်း လှပစေရုံသာမက ရေရှည်အသက်မွေးမှုလမ်းကြောင်းအတွက်လည်း များစွာအထောက်အကူ ဖြစ်စေပါတယ်။

🔶 ၈. ပြဿနာတွေကို ခေါင်းခံဖြေရှင်းသူ ဖြစ်ပါစေ။

ဘယ်လိုမှ မရတော့တဲ့အဆုံးကျမှ ပြဿနာတွေကို လုပ်ငန်းရှင်ဆီပို့ပါ။ အဲ့ဒီအခါ ကိုယ်တတ်နိုင်သလောက် ဖြေရှင်းကြည့်ခဲ့တာကို လုပ်ငန်းရှင်က အသိအမှတ်ပြုပါလိမ့်မယ်။ အခက်အခဲတခုခုကြုံလာတဲ့အခါ အထက်လူကြီးဆီမသွားခင် အနည်းဆုံး ဖြေရှင်းဖို့နည်းလမ်းလေးတစ်ခုလောက်တော့ ရအောင်ရှာသွားပါ။ ပြဿနာရှင်းတဲ့သူတွေဟာ ရာထူးတိုးတတ်ပါတယ်။ တချိန်လုံး အထက်လူကြီးဆီ ပြဿနာပို့နေသူတွေဟာ ရာထူးမတိုးပါ။

🔶 ၉. စိတ်ပါတဲ့ဝန်ထမ်းဖြစ်ပါစေ။

တက်တက်ကြွကြွရှိတယ်ဆိုတာ အစည်းအဝေးတွေမှာ ပြောသမျှနားထောင်ပြီး ပြသမျှလိုက်ရေးနေတာလောက်ပဲ မဟုတ်ပါဘူး။ ဒါတွေကလည်း အရေးကြီးပေမယ့် အဓိကကတော့ အဖွဲ့ထဲမှာ လှုပ်ရှားပါဝင်နေဖို့ပါပဲ။ မတက်မဖြစ်မဟုတ်ပေမယ့်လည်း နေ့လည်ခင်းဆွေးနွေးပွဲတွေကို တက်တာမျိုး၊ အဖွဲ့ရဲ့ အလုပ်တွေအောင်မြင်ဖို့အကြံဉာဏ်သစ်တွေ ဝိုင်းစဉ်းစားပေးတာမျိုး ပြုလုပ်ပြီး ကူညီပေးနိုင်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် ကုမ္ပဏီနဲ့ လုပ်ဖော်ကိုင်ဖက်တွေအောင်မြင်ဖို့ ကိုယ်ဘယ်လောက်စိတ်နှစ်ထားလဲဆိုတာ မြင်သာစေပါတယ်။

🔶 ၁၀. စွန့်စားဖို့ ဝန်မလေးပါနဲ့။

အလုပ်မှာ ကိုယ်ဟာ လိုချင်စိတ်ပြင်းပြကြောင်း၊အားကိုးရကြောင်း၊ ပြတ်သားကြောင်း ၊ ကိုယ့်ကိုယ်ကို ယုံကြည်ကြောင်း ပြပြီးပါပြီလား။ ဒီလိုခေါင်းဆောင်မှုအရည်အချင်းတွေဟာ ရာထူးတက်ဖို့ မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။ ရုံးတွင်း မူဝါဒအရှုပ်အထွေးတွေ၊ နောက်ကျတာတွေ၊ အချိန်မီအလုပ်မပြီးတာတွေ စတဲ့ အကျင့်ဆိုးတွေကို ရှောင်ပါ။ ခေါင်းဆောင်ဆိုတာ ကိုယ့်အောက်ဝန်ထမ်းတွေအတွက် အမြဲစံပြဖြစ်နေရမှာပါ။ ဒီအရည်အချင်းတွေ မရှိဘူးဆိုရင်တော့ ရာထူးတိုးဖို့ ခဲယဉ်းနေဦးမှာပါ။

အထက်ဖော်ပြပါ အကြောင်းအရာတွေဟာ ရာထူးတက်ဖို့မတောင်းဆိုမီ ကိုယ့်ဆီမှာ ရှိထားသင့်တဲ့ လုပ်ရည်ကိုင်ရည်တွေကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ အချက်အလက်တွေထဲကမှ ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်တွေကို တွက်ဆပြီး ရာထူးတိုးဖို့ အခွင့်အရေးတွေကို ရရှိနိုင်ပါစေနော်။ ကိုယ်ကိုယ်တိုင်ရော ဘယ်အချက်အလက်တွေကို လက်တွေ့မှာ လုပ်ဆောင်နေသလဲဆိုတာ Comment မှာ ရေးပြီး မျှဝေပေးခဲ့နိုင်ပါတယ်။
�နောက်နေ့တွေမှာလည်း တခြား အကျိုးရှိတဲ့ ဗဟုသုတရစရာတွေကို တင်ပြပေးသွားပါဦးမယ်။
Aung Myin Page ကို Like and See First လုပ်ပြီး ဆက်လက်ကြည့်ရှုပေးပါဦးနော်။ ကျေးဇူးတင်ပါတယ်။

ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာ “Vera Wang”

“ရှုံးနိမ့်မှာ မကြောက်ပါနဲ့။ ကျွန်မကတော့ မကြိုးစားတာဟာ ရှုံးနိမ့်တာထက်ပိုဆိုးတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် သတ္တိမွေးပြီး ကြိုးစားကြည့်လိုက်ပါ။” လို့ ကမ္ဘာကျော်ဒီဇိုင်နာ ဗီရာဝမ်က ပြောခဲ့ပါတယ်။

ဒီနေ့ခေတ်မှာ ဗီရာဝမ်ဆိုတာနဲ့ မင်္ဂလာဝတ်စုံလှလှလေးတွေကို မြင်ယောင်ကြမှာပါ။ အဲ့ဒီဝတ်စုံလေးတွေရဲ့ ဖန်တီးရှင်ဖြစ်တဲ့ ကမ္ဘာကျော်ဒီဇိုင်နာ ဗီရာဝမ်ဟာ အခက်အခဲများစွာနဲ့ အနိမ့်အမြင့် အတက်အကျတွေကို ဖြတ်သန်းခဲ့ပြီးမှ အခုလို အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ၁၉၆၈မှာ အမေရိကန် အိုလံပစ်လက်ရွေးစင် စကိတ်အလှစီးအသင်းဝင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

“ကျွန်မ ဘယ်လိုပဲ သေလောက်အောင် ကြိုးစားနေနေ လိုချင်တဲ့ ပန်းတိုင်ကို ဘယ်တော့မှမရောက်ဘူး။ အသက်နှစ်ဆယ်ကလည်း ပြည့်တော့မယ်။ ဒီထက်လည်းကောင်းလာနိုင်စရာမရှိတော့တဲ့ အခါမှာတော့ ကျွန်မ အမှန်တရားကို ခါးခါးသီးသီးပဲ လက်ခံလိုက်ရတယ်။ ကျွန်မ အိုလံပစ်လက်ရွေးစင်မဖြစ်နိုင်တော့ဘူး။ နောက်တက်လာတဲ့ လူငယ်စကိတ်သမားတွေကလည်း ရှိလာပြီ။ ဒါနဲ့ပဲ ကျွန်မ တခြားရည်မှန်းချက်တစ်ခုကို ရယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။”ဒါကြောင့် နောက်ပိုင်းမှာ ကမ္ဘာကျော် ဖက်ရှင် မဂ္ဂဇင်းဖြစ်တဲ့ Vogue မဂ္ဂဇင်းမှာ အယ်ဒီတာဝင်လုပ်ခဲ့ပြီးတော့ လူတွေလေးစားကြတဲ့ အယ်ဒီတာ တစ်ဦးအဖြစ် သူမရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၇နှစ်ကြာတဲ့အခါ စကိတ်စီးစဉ်တုန်းကလို အခက်အခဲမျိုးနဲ့ပဲ တဖန်ပြန်ကြုံခဲ့ရပြန်ပါတယ်။

“ကျွန်မ Vogue မှာ ၁၇နှစ်လောက်နေပြီးတော့ ဒီမှာ ကျွန်မဘဝအတွက် နောက်ထပ်တက်လမ်းမရှိတော့ဘူး ဆိုတာ သိလာပါတယ်။ အယ်ဒီတာချုပ်အဖြစ် ရွေးချယ်ခံထားရသူစာရင်းမှာ ကျွန်မ မပါဝင်ခဲ့ပါဘူး။ ကျွန်မ ဒီလောက်နဲ့တော့ ဘဝကို မကျေနပ်နိုင်ဘူးလို့ တွေးမိသွားတယ်။ ဒါနဲ့ပဲ ကျွန်မ အလုပ်ထွက်ခဲ့တယ်။”
ဝမ်ကတော့ ရှုံးနိမ့်မှုဆိုတာ လက်ခံလို့ရတဲ့ အရာဖြစ်ပြီး တစ်ခါတစ်ရံ လက်ရှိအလုပ်ကို စွန့်ပြီး လမ်းသစ်ကိုလျှောက်လိုက်တာ ပိုကောင်းတယ် လို့ ယုံကြည်ပါတယ်။ ထို့နောက်မှာတော့ သူမဟာ မင်္ဂလာဝတ်စုံဒီဇိုင်းတွေကို စတင်ရေးဆွဲခဲ့ပြီး ယခုအခါမှာတော့ ဒီလုပ်ငန်းဟာ ဒေါ်လာသန်းထောင်ချီတဲ့ လုပ်ငန်းကြီး ဖြစ်လာခဲ့ပါပြီ။ “အတော်ခက်ခဲခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် ခုလို ပျော်ရွှင်အောင်မြင်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှင် ဒီဇိုင်နာဘဝကို ရလာတာ ဒါကြောင့်ပါ”လို့ ဝမ်က ပြောဆိုခဲ့ပါတယ်။

** ကြီးမားတဲ့အောင်မြင်မှုတွေဆိုတာ ထိုက်တန်တဲ့ပေးဆပ်မှုတွေကို ပြုလုပ်ပြီးမှ ရရှိနိုင်တာမျိုးပါ။ ဒါကြောင့် စိန်ခေါ်မှုတွေကြုံလာရတိုင်း ဒီလို အားကျလေးစားစရာဇာတ်လမ်းတွေကို သတိရပါ။ ကိုယ့်အတွက် တစ်ခုခုအင်အားဖြစ်စေတယ်ဆိုရင်တော့ သူငယ်ချင်းတွေကို မျှဝေလိုက်ပါ။

ဟယ်ရီပေါ်တာ စာအုပ်ရဲ့ဖန်တီးရှင်အဖြစ် အများကသိကြတဲ့ ဂျေကေရိုးလင်း

“ကမ္ဘာကြီးကို ပြောင်းလဲနိုင်ဖို့ မှော်ပညာတွေ မလိုအပ်ပါဘူး။ ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို အကောင်းအထည်ပေါ်လာဖို့၊ အလျှော့မပေးစတမ်း ကြိုးစားနေဖို့သာ လိုတာပါ” လို့ပြောခဲ့သူကတော့ ဟယ်ရီပေါ်တာ စာအုပ်ရဲ့ဖန်တီးရှင်အဖြစ် အများကသိကြတဲ့ ဂျေကေရိုးလင်းဖြစ်ပါတယ်။
ဒါပေမယ့် လူအများ မသိတာကတော့ မအောင်မြင်သေးခင်အချိန်တွေတုန်းက သူမရဲ့ဘဝကို ဘယ်လောက် ပင်ပန်းဆင်းရဲစွာ ရုန်းကန်ခဲ့ရတယ် ဆိုတာပါပဲ။ ၁၉၉၀ ခုနှစ်မှာ ရိုးလင်းဟာ ဟယ်ရီပေါ်တာစာအုပ်အတွက် စိတ်ကူးကို မန်ချက်စတာမြို့ကနေ လန်ဒန်ကို ရထားစီးရင်း ရခဲ့ပါတယ်။ အဲ့ဒီစိတ်ကူးတွေကို ဂျေကေရိုးလင်းက ဝတ္ထုအဖြစ် ကြိုးစားပြီး စတင်ရေးပါတော့တယ်။ ဒါပေမယ့် အဲဒီနှစ်မှာပဲ သူမအမေကွယ်လွန်သွားခဲ့တာကြောင့် သူမလည်း စိတ်ကျရောဂါရခဲ့ပါတယ်။
၁၉၉၂ ခုနှစ်မှာတော့ သူမဟာ အီတလီနိုင်ငံကို အင်္ဂလိပ်စာသင်ဆရာမလုပ်ဖို့ ပြောင်းရွေ့ခဲ့ပြီးတော့၊ အဲဒီမှာ အမျိုးသားတစ်ယောက်နဲ့ တွေ့ကာ လက်ထပ်ဖြစ်ခဲ့ပါတယ်။ သမီးလေးတစ်ယောက်လည်း ရခဲ့ပါတယ်။ ဒါပေမယ့် အဆင်မပြေတဲ့ အိမ်ထောင်ရေးကြောင့် ၁၉၉၃ ခုနှစ်မှာပဲ သူတို့ ကွာရှင်းပြတ်စဲခဲ့ကြပြီး ရိုးလင်းဟာ သူ့အစ်မ ရှိရာ စကော့တလန်က အီဒင်ဘာရာမြို့ကို ပြန်ပြောင်းလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူမလက်ထဲမှာ ဟယ်ရီပေါ်တာစာအုပ်အတွက် ရေးပြီးသား အခန်း (၃) ခန်းပဲ ရှိပါတယ်။ ရိုးလင်းဟာ အဲ့ဒီအချိန်တုန်းကတော့ သူ့ကိုယ်သူ အရှုံးသမားလို့ပဲ မြင်နေခဲ့ပါတယ်။ အလုပ်မရှိ၊ အိမ်ထောင်ပျက်၊ လူမမယ် ကလေးတစ်ယောက်နဲ့ ငွေကြေးကျပ်တည်းနေတဲ့အခြေအနေမှာ စိတ်ကျရောဂါရလာတဲ့အတွက် အစိုးရကပေးတဲ့ ချို့တဲ့နွမ်းပါးသူများအတွက် ထောက်ပံ့ကြေးကို မှီခိုရင်းနဲ့ နေ့စဉ်ဘဝကိုဖြတ်သန်းခဲ့ရပါတယ်။ ဒါဟာ သူမဘဝရဲ့ အခက်ခဲဆုံး အချိန်ဖြစ်ပေမယ့် ဒီအရှုံးနွံထဲကနေ ကြိုးစားရုန်းထွက်နိုင်ဖို့ အားတင်းပြီးကြိုးစားရင်းနဲ့ ခေတ်ဟောင်းလက်နှိပ်စက်တစ်လုံးကို အသုံးပြုပြီးတော့ ဟယ်ရီပေါ်တာဝတ္ထုကို ပြီးအောင်ရေးသားခဲ့ပါတယ်။
၁၉၉၅ ခုနှစ်မှာ ထုတ်ဝေသူ (၁၂) ယောက်တိတိက ဟယ်ရီပေါ်တာဝတ္ထုကို ပယ်ချခဲ့ကြပါတယ်။ ဒါပေမယ့် တစ်နှစ်အကြာမှာတော့ ဘလွန်းဘူရီ လို့ ခေါ်တဲ့ စာအုပ်တိုက်သေးသေးလေးကနေ လက်ခံခဲ့ပြီး ထုတ်ဝေဖြန့်ချီပေး ခဲ့ပါတယ်။ ဒီအတွက်ရိုးလင်းဟာ ကြိုတင်ငွေအဖြစ် မဖြစ်စလောက် ပေါင် ၁၅၀၀ သာ ရရှိခဲ့ပါတယ်။ စတင်ဖြန့်ချီချိန် ၁၉၉၇ ခုနှစ်မှာ ဟယ်ရီပေါ်တာစာအုပ်ကို အုပ်ရေတစ်ထောင်ပဲ ရိုက်နှိပ်ခဲ့ရပြီး၊ အဲဒီထဲက ၅၀၀ အုပ်ဟာ စာကြည့်တိုက်တွေကို လှူလိုက်ရပါတယ်။ ဒါပေမယ့် ရိုးလင်းရဲ့ ဇွဲလုံ့လနဲ့ကြိုးစားခဲ့တာတွေက မကြာခင်မှာပဲ အသိအမှတ်ပြုခံရပါတော့တယ်။ ၁၉၉၇ နဲ့ ၁၉၉၈ ခုနှစ်မှာ ဒီစာအုပ်ဟာ Nestle Smarties စာအုပ်ဆု နဲ့ အဲဒီနှစ်အတွက် ဗြိတိန်နိုင်ငံရဲ့ အကောင်းဆုံး ကလေးစာပေဆုကို ရခဲ့ပါတော့တယ်။
ဒီနေ့အချိန်မှာတော့ ရိုးလင်းရဲ့ စာအုပ်တွေဟာ အုပ်ရေပေါင်း သန်းလေးရာကျော် ရောင်းချခဲ့ရပြီ ဖြစ်ပြီး၊ သူမကို အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အမျိုးသမီး စာရေးဆရာအဖြစ် အသိအမှတ်ပြုထားကြပြီဖြစ်ပါတယ်။ တချိန်က စိတ်ဓာတ်ကျဆင်းနေချိန်တွေကိုသာ ရိုးလင်းက ကြံ့ကြံ့မခံနိုင်ခဲ့ရင်၊ ဟယ်ရီပေါ်တာဆိုတာလဲ ဖြစ်ပေါ်လာခဲ့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘဝမှာ ဘယ်လောက်ဆိုးရွားခက်ခဲတာတွေကိုကြုံရပါစေ၊ ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေကို မစွန့်လွှတ်ပဲ ဆက်လက်ကြိုးစားနေဖို့ ဂျေကေရိုးလင်းက သက်သေပြထားပါတယ်။

ကောင်းမွန်တဲ့ Presentation တစ်ခု ဘယ်လိုတင်ဆက်မလဲ

ကျွန်မတို့ ပတ်ဝန်းကျင်မှာ မကြာခဏ ကြားရတဲ့ စကားလေး အချို့ရှိပါတယ်။ အထူးသဖြင့် အလုပ်ခွင် ဝင်ကာစနဲ့ ကျောင်းတက်နေတဲ့ လူငယ်တွေ ကြားမှာပါ။ ဘာလဲဆိုတော့ “Presentation မပြောတတ်ဘူး၊ မပြောရဲဘူး၊ စာပဲ ကောက်ဖတ်လိုက်ချင်တာ” ဆိုတာလေးပါပဲ။ လူတစ်ယောက်နဲ့ တစ်ယောက် အခြေခံစရိုက်ချင်း မတူကြတဲ့ အတွက် အချို့ က လူရှေ့ ထွက် စကားပြောရတာ ဝါသနာပါတယ်၊ အချို့က ဝါသနာတော့ မပါလှပေမယ့် အဆင်ပြေအောင် ပြောနိုင်ကြတယ်၊ အချို့ကတော့ လုံးဝမပြောရဲပါဘူး။ မပြောရဲတဲ့နေရာမှာလည်း အကြောင်းအရင်းများစွာ ရှိပါတယ်။ ဘာသာစကား အားနည်းမှုကြောင့်၊ ယုံကြည်မှု မရှိတာကြောင့်၊ မှားမှာ စိုးရိမ်တာကြောင့် စသည်ဖြင့် အကြောင်းအရင်းများစွာ ရှိပါတယ်။

ယနေ့ခေတ်မှာ မိမိ သိကျွမ်းတတ်မြောက်ရာကို ပြောဆိုပြသရတဲ့ Presentation ပြုလုပ်ခြင်းကလည်း နယ်ပယ်တိုင်းမှာ တွင်ကျယ်လာပါပြီ။ အပေါ်မှာ ပြောထားတဲ့ အကြောင်းအရာတွေကြောင့် အများ အားဖြင့် လူတွေက Presentation ဆိုတာကို မလုပ်ရဲကြတာပါ။ ဒါကြောင့် Presentation ဆိုင်ရာစွမ်းရည်တွေ တက်လာစေဖို့ အတွက် နည်းလမ်းကောင်းလေး အချို့ကို လိုက်နာနိုင်စေဖို့ ရေးသား လိုက်ရပါတယ်။

👉ပထမဆုံး အချက်ကတော့ မိမိ စကားပြောထားတဲ့ အသံကို အသံဖမ်းပြီး ပြန်နားထောင်ကြည့်ဖို့ပါပဲ။

အစပိုင်းတော့ တော်တော်ရယ်ရပါတယ်။ ဘာလို့လဲဆိုတော့ လူတွေရဲ့အသံဟာ သဘောတရား အရ ကိုယ်ကြားတဲ့ ကိုယ့်အသံနဲ့ သူများကြားတဲ့ ကိုယ့်အသံနဲ့ သိပ်မတူတတ်ပါဘူး။ အသံဖမ်းထားရင် လည်း ဒီလိုပါပဲ။ ကိုယ်က အဆင်ပြေတယ် လို့ထင်တဲ့ ကိုယ့်အသံနဲ့ အသံနေအသံထားဟာ သူများက ကြားတဲ့အခါမှာ ဖြစ်စေ၊ အသံဖမ်းပြီး ပြန်နားထောင်တဲ့ အခါမှာ ဖြစ်စေအနည်းငယ် မတူတာဖြစ်တတ်ပါတယ်။

ဒါကြောင့်ကိုယ့်အသံကိုယ် ပြန်အသံဖမ်းပြီး နားထောင် ကာ လိုအပ်တဲ့ လေယူလေသိမ်းနဲ့ အသံအဖြတ် အတောက်တွေကို လေ့ကျင့်မယ်ဆိုရင် Presentation လုပ်တဲ့ နေရာမှာ အထောက်အကူ ဖြစ်စေမှာပါ။ ဒီနည်းလမ်းဟာ နာမည်ကျော် သရုပ်ဆောင်တွေ၊ speaker တွေ ကိုယ်တိုင် ကျင့်သုံးခဲ့တဲ့ နည်းလမ်းတစ်ခု လည်း ဖြစ်ပါတယ်။ အစမှာတော့ ခက်ခဲပေမယ့် ဒါဟာ မိမိရဲ့အားနည်းချက်ကို လွယ်လွယ်နဲ့ မြင်ပြီး ပြင်နိုင်မယ့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

👉အသံနေ အသံထား လေ့ကျင့်ပြီးတဲ့ အခါမှာတော့ အမူအရာပိုင်းဆိုင်ရာကို လေ့ကျင့်ရပါမယ်။

Presentation လုပ်တဲ့နေရာမှာ ကြောက်တတ်တဲ့ တချို့သူတွေက စကားပြောရင်း လေသံတစ်တန်းတည်း ဖြစ်နေတာ၊ နားထောင်နေတဲ့ ပရိသတ်ဘက် မလှည့်ပဲ စာတွေပဲရွတ်သွားတာ၊ ကိုယ်နေဟန်ထားကို တောင့်တောင့်ကြီးနဲ့ ပြောဆိုနေတာကို မြင်ဖူးကြမှာပါ။ ဒါကတော့ ကိုယ်ပြောတာကို နားထောင်နေတဲ့ သူတွေ အမြင်မှာ တော်တော်တော့ တမျိုးတမည် ဖြစ်စေတဲ့ အမူအကျင့်တစ်ခုပါ။ ကျွန်မတို့ဟာ သရုပ်ဆောင် တစ်ယောက် မဟုတ်တဲ့အတွက် ကျွန်မတို့ရဲ့ ပြောပုံဆိုပေါက်တွေဟာ သရုပ်ဆောင် တစ်ယောက်လို စင်းလုံးချော ဖြစ်နေဖို့တော့ မလိုပါဘူး။ ဒါပေမယ့် ကျွန်မတို့ပြောမယ့် စကားနဲ့ အကြောင်းအရာ တွေကို နားထောင်မယ့်သူတွေဟာ ကျွန်မတို့ရဲ့ အမူအရာကို အတိုင်းအတာ တစ်ခုထိ ကြည့်နေကြလိမ့်မယ် ဆိုတာလည်း သိထားဖို့လိုပါတယ်။

သိပ္ပံနည်းကျလေ့လာမှုတွေ အရဆိုရင် လူတွေ တစ်ယောက်နဲ့ တစ်ယောက် ပြောဆို ဆက်ဆံတဲ့နေရာမှာ ၉၃ ရာခိုင်နှုန်းက အမူအရာ၊ ကိုယ်နေဟန်ထား နဲ့ မျက်နှာပေး (body language လို့ပြောနိုင်ပါတယ်) ကနေပြောလိုတဲ့ အကြောင်းအရာကို လက်ခံ နာယူကြတာဖြစ်ပြီး ကျန်တဲ့ ၇ ရာခိုင်နှုန်းကိုသာ အသံကနေ ခံစားသိရှိ တုံ့ပြန်ကြတာ ဖြစ်ပါတယ်။ ဒါကြောင့် body language အဆင်ပြေကောင်းမွန်နေဖို့ အတွက် ပထမဆုံးလုပ်သင့်တာက ကျွန်မတို့ စကားပြောတာကို မှန်ကြည့်ပြီး လေ့ကျင့်ပါ။ မှန်ထဲမှာ ကိုယ့်ကိုယ်ကို ကိုယ်ဖြစ်နေချင်တဲ့ ပုံစံအတိုင်း ပြုံးတာ၊ တည်တာ၊ လက်အမူအရာ၊ ကိုယ်အမူအရာတွေ လေ့ကျင့်ကြည့်ပါ။ နာမည်ကြီး ပုဂ္ဂိုလ်တွေထဲက စကားပြောကောင်း သူတွေရဲ့ပြောဆိုပုံတွေကို နည်းယူပြီး ကိုယ့်ပုံစံတစ်ခုကို ကြိုးစားတည်ဆောက်ကြည့်ပါ။

👉မေးခွန်းတွေအတွက် မကြောက်ပါနဲ့။

Presentation တစ်ခုပြောတော့မယ်ဆိုရင် လူတွေ ကြောက်တတ်တဲ့အရာ နောက်တစ်ခုကတော့ မေးခွန်းတွေ မဖြေနိုင်မှာ စိုးရိမ်တာပါပဲ။ ဒါကလည်း လူ့သဘာဝပါ။ Presentation ပြောတဲ့သူတစ်ယောက် အနေနဲ့ မိမိ ပြောဆိုရမယ့် အကြောင်းအရာပေါ်မှာ ပိုင်နိုင်စွာ လေ့လာထားဖို့ကတော့ အထူးပြောစရာ မလိုပါဘူး။ ဒါပေမယ့် ကျွန်မတို့မထင်မှတ်တဲ့ ရှုထောင့် ကနေလည်း မေးခွန်းတွေ ထွက်လာနိုင်တာကိုတော့ သတိရှိဖို့ လိုပါလိမ့်မယ်။ အဲ့ဒီလို အခြေအနေမျိုးတွေမှာ အကောင်းဆုံး လုပ်နိုင်တဲ့ အရာတစ်ခုကတော့ မကြောက်ဖို့ပါပဲ။ မသိတဲ့ မေးခွန်းတွေ အမေးခံရတဲ့ အခါမှာလည်း အတတ်နိုင်ဆုံး ပြုံးထားပါ။

ကျွန်မတို့ကို မေးခွန်းမေးတဲ့သူက သူတကယ်မသိလို့ မေးတာလည်း ဖြစ်နိုင်သလို တမင်တကာ စိတ်အနှောင့်အယှက် ဖြစ်စေချင်လို့ မေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် တတ်နိုင်သမျှ ပြုံးပြီးတော့ပဲ ဖြေပါ။ တကယ် မသိတဲ့ အဖြေတွေ အတွက် မသိကြောင်း ဝန်ခံဖို့လည်း ဝန်မလေးပါနဲ့။ မေးလိုက်တဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်မတို့ဘက်က ပြန်ရှာပြီး အဖြေတစ်ခုပေးနိုင်မယ် ဆိုရင်တော့ အကောင်းဆုံးပါပဲ။ အဓိကကတော့ ကျွန်မတို့ဘက်က ဟန်ချက် မပျက်ဖို့ပါပဲ။ တစ်ဖက်မှာလည်း မိမိပြောရမယ့် Presentation အပိုင်းကို သေချာနားလည်နေပါစေ။

👉ဘာသာစကားပိုင်းကိုလည်း အားဖြည့်ထားပါ။

ယနေ့ခေတ်မှာက အားလုံးသိကြတဲ့ အတိုင်း အစစအရာရာ အရှိန်အဟုန်နဲ့ ပြောင်းလဲတိုးတက်နေတဲ့အချိန်ပါ။ သိသင့် သိထိုက်တဲ့ အရာတွေကို အချိန်နှင့်အမျှ လေ့လာနေတဲ့ တစ်ချိန်တည်းမှာပဲ ဘာသာစကား စွမ်းရည်ရဲ့ ထိရောက်မှုဟာလည်း အတော်လေး အရေးပါလှပါတယ်။ အရည်အချင်း ရှိတာချင်းအတူတူ ဘာသာစကား (အထူးသဖြင့် အင်္ဂလိပ်စာ) ကျွမ်းကျင်မှုဟာ အတော်လေး ကွာခြားမှုှု ရှိစေပါတယ်။ နိုင်ငံရပ်ခြားမှာပဲ နေလာတဲ့ မြန်မာလူမျိုး တစ်ယောက်လို အင်္ဂလိပ်စာကို လေယူလေသိမ်းက အစ လုံးဝကြီး ချောမွေ့နေဖို့လည်း သိပ်တော့ မလိုအပ် လှပါဘူး (ဖြစ်ရင်တော့ အကောင်းဆုံးပေါ့)။ကျွန်မတို့ရဲ့အင်္ဂလိပ်စာ အရည်အချင်းဟာ သဒ္ဒါမှန်ကန်စွာနဲ့ ကောင်းမွန်စွာ ဆက်သွယ်ပြောဆိုနိုင်နေရင်ပဲ တော်တော်လုံလောက်နေပါပြီ။

👉နောက်ဆုံးနည်းလမ်းလေးကတော့ ကျွန်မတို့ presentation ပြောနေတုန်းမှာ ရင်းနှီးတဲ့ သူငယ်ချင်း (သို့မဟုတ်) အသိတစ်ယောက်ယောက်ကို မကြာခဏ စိုက်ကြည့်ကြည့်ဖို့ပါပဲ။

ဒါကတော့ အရမ်းကြောက်တတ်တဲ့သူတွေ အတွက် အသုံးဝင်နိုင်တဲ့ နည်းလေးတစ်ခုပါ။ ကျွန်မတို့ဟာ လူကြားထဲ စကားပြောရမှာ ကြောက်တယ်၊ ယုံကြည်မှု အလွန်နည်းနေရင်တော့ ကျွန်မတို့ကို ယုံကြည်တဲ့၊ ကျွန်မတို့ အစွမ်းအစကို သိတဲ့သူတစ်ဦးဦးကို မကြာခဏကြည့်နေရင် အလိုလို ယုံကြည်မှုတွေ တက်လာ တတ်ပါတယ်။ တစ်ဖက်လူကလည်း သူများကို ယုံကြည်မှု၊ အားပေးမှု ပေးတတ်တဲ့ သူဆိုရင်တော့ ပိုအဆင်ပြေမှာပါ။
(သူ့ကိုတော့ ကြိုပြောထားရမှာပေ့ါနော်)

ဒါကတော့ Presentation တစ်ခု ချောမွေ့စွာ ပြောဆိုနိုင်ဖို့အတွက် လိုအပ်တဲ့နည်းလမ်း ကောင်းလေး တွေပါ။ နောက်နေ့တွေမှာလည်း တခြား ဗဟုသုတ ရစရာ အကြောင်းအရာတွေကို ရေးသားဖော်ပြပေးသွားပါဦးမယ်။

စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်မယ့်နည်းလမ်းကောင်း (၁၀) ခု

လိုချင်တပ်မက်စရာတွေသိပ်များပြီး၊ အပြိုင်အဆိုင်ပြင်းထန်လှတဲ့ ဒီနေ့ခေတ်အချိန်မှာ Stress ဆိုတဲ့ စိတ်ဖိစီးမှုဟာ လူတိုင်းအတွက် ရှောင်လွှဲလို့မရတဲ့ အရာတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကို သက်သာစေနိုင်မယ့်၊ သိပ္ပံနည်းကျ လေ့လာစမ်းသပ်ထားပြီးဖြစ်တဲ့ နည်းလမ်း (၁၀) ခုကို ဖော်ပြလိုက်ပါတယ်။

၁။ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ။

တိရိစ္ဆာန်ရုံထဲမှာ ငေးငိုင်ပြီး၊ စိတ်ဆင်းရဲနေပုံပေါက်တဲ့ တိရိစ္ဆာန်တွေကို တွေ့ဖူးကြပါလိမ့်မယ်။ တောထဲက တိရိစ္ဆာန်တွေကို ကြည့်ရင်တော့ မြူးတူးခုန်ပေါက်နေတာ တွေ့ပါလိမ့်မယ်။ အလားတူဘဲ လူတွေဟာလည်း ကိုယ်လက်လှုပ်ရှားမှု နည်းလာတာနဲ့အမျှ စိတ်ရောကိုယ်ပါ လေးလံထိုင်းမှိုင်းလာပြီး စိတ်ဖိစီးမှုတွေ ဖြစ်လာဖို့ ပိုလွယ်ကူလာစေပါတယ်။ ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးမှုကြောင့်ဖြစ်ရတဲ့ ဆိုးကျိုးတွေဆိုတာက အမြင်၊ အကြားအာရုံတွေက တဆင့် ဦးနှောက်နဲ့ ကိုယ်ခန္ဓာကို သက်ရောက်မှုဖြစ်လာတာတွေမို့ပါပဲ။ ဒါကြောင့် ဘယ်လောက်အလုပ်ရှုပ်ပါစေ ချွေးထွက်စေမယ့် ကိုယ်လက်လှုပ်ရှားမှုတွေကို တစ်ပတ်ကို ၃-ကြိမ် (တစ်ကြိမ်လျှင် အနည်းဆုံး မိနစ် ၃၀ ခန့်) လုပ်ဆောင်သင့်ပါတယ်။

၂။ ကော်ဖီသောက်သုံးမှုကို လျော့ချပါ။

ဒီနေ့ခေတ်မှာ လူအများစု (အထူးသဖြင့် ရုံးဝန်ထမ်းများ) ဟာ နေ့စဉ် ကော်ဖီ ၂-ခွက်လောက် သောက်သုံးကြပြီး၊ ကိုယ့်ကိုယ်ကို ကော်ဖီစွဲနေပြီလို့ ယူဆလိုက်ကြပါတယ်။ ကော်ဖီကို ဘာကြောင့်သောက်သုံးတာပဲဖြစ်ဖြစ်၊ အရေအတွက် ပမာဏများလာတာနဲ့အမျှ ကောင်းမွန်စွာ အိပ်စက်မှုကို အနှောင့်အယှက်ပေးတာ၊ စိတ်မတည်ငြိမ်မှုဖြစ်စေတာတွေကို ကြုံရနိုင်ပါတယ်။ ဒါကြောင့် အလုပ်ပင်ပန်းလာချိန်တွေမှာ ကော်ဖီသောက်သုံးတာကို တတ်နိုင်သမျှ လျှော့ချနိုင်အောင် ကြိုးစားပါ။

၃။ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုမှာ အနားယူပါ (သို့) တရားထိုင်ပါ။

ကောင်းမွန်စွာ အနားယူခြင်းဟာလည်း ကိုယ်လက်လှုပ်ရှားမှုလိုပဲ မမေ့မလျော့ လုပ်ဆောင်ရမယ့်ကိစ္စဖြစ်ပါတယ်။ အလုပ်ကိစ္စတွေနဲ့ ပတ်ဝန်းကျင်အနှောင့်အယှက်တွေနဲ့ ကင်းဝေးရာမှာ Deep relaxation ဆိုတဲ့ စိတ်ရောကိုယ်ပါ ဖြေလျော့ပြီး အနားယူလိုက်ခြင်းဟာ စိတ်ဖိစီးမှုတွေကို အမြန်ဆုံးသက်သာစေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ခရီးဝေးကို သွားရောက်အနားယူဖို့ ခက်ခဲသူတွေအနေနဲ့လည်း ကိုယ့်ရဲ့ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်တဲ့နေရာတစ်ခုမှာ ခဏအနားယူတာ (သို့) တရားထိုင်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။

၄။ အချိန်မှန် အိပ်စက်ပါ။

လူတစ်ယောက်အတွက် ပျှမ်းမျှအိပ်စက်ချိန် ၈ နာရီလောက် လိုအပ်တယ်လို့ ဆိုကြပေမယ့်၊ လူတစ်ယောက်နဲ့တစ်ယောက် နေထိုင်မှုပုံစံ၊ အလုပ်အကိုင်တွေ မတူညီတာကြောင့် အိပ်ချိန် အနည်းအများ ကွာခြားမှုရှိကြပါတယ်။ ဒါပေမယ့် အိပ်ချိန်နည်းလွန်းတာ၊ အချိန်မှန်မအိပ်တာတွေများလာလို့ Body Rhythm မမှန်တော့ရင် အလုပ်ပြီးမြောက်မှုတွေကို အနှောက်အယှက်ဖြစ်စေရုံသာမက စိတ်ဖိစီးမှုတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါကိုဖြေရှင်းဖို့ အလွယ်ဆုံးနည်းကတော့ အိပ်ရာဝင်ချိန်ကို နာရီဝက်ခန့်စောအိပ်လိုက်ပြီး၊ ပုံမှန်အိပ်ရာထချိန်အတိုင်း ထလိုက်ဖို့ပါပဲ။နေ့လည်နေ့ခင်းမှာ ၁၅-မိနစ်ခန့် ခဏမှေးစက်လိုက်တာမျိုးလည်း ကိုယ့်အလုပ်ချိန်နဲ့ ကိုက်ညီရင် အဆင်ပြေတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။

၅။ တဆက်တည်း မရပ်မနား အလုပ်လုပ်ခြင်းကို ရှောင်ကြဉ်ပါ။

လူတစ်ယောက်ရဲ့ အာရုံစူးစိုက်ပြီး အလုပ်လုပ်နိုင်တဲ့အချိန်က တသတ်မတ်တည်းရှိနေတာ မဟုတ်လို့၊ အာရုံစိုက်နိုင်စွမ်း လျော့နည်းလာပြီလို့ ခံစားလာရချိန်မှာ ခဏအနားယူသင့်ပါတယ်။ သာမာန်အားဖြင့်တော့ တစ်နေ့တာအလုပ်ချိန်အတွင်းမှာ ၂-နာရီခန့်အလုပ်ချိန်ပြီးတိုင်း မိနစ် ၂၀-ခန့်အနားယူသင့်တယ်လို့ ဆိုကြပါတယ်။

၆။ ကိုယ်တိုင်ထိန်းချုပ်လို့မရနိုင်တဲ့ ရလဒ်တွေကို လွန်ကဲစွာ မမျှော်လင့်ပါနဲ့။

ဒီအချက်ဟာ ရည်မှန်းချက်တွေ မသတ်မှတ်ပါနဲ့လို့ ဆိုလိုတာမဟုတ်ပါဘူး။ အချို့ကိစ္စရပ်တွေရဲ့ ပြီးမြောက်အောင်မြင်မှုဟာ ပတ်ဝန်းကျင်အခြေအနေတွေရဲ့ သက်ရောက်မှု (ဥပမာ – နိုင်ငံရေးပြောင်းလဲမှု) တွေကြောင့် ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် လက်တွေ့မကျတဲ့ (သို့) ဖြစ်နိုင်ခြေနည်းတဲ့ ရည်မှန်းချက်တွေချမှတ်မိတာကြောင့် စိတ်ဖိစီးမှုတွေဖြစ်လာတာလားဆိုတာကို သတိပြုမိဖို့လိုပါတယ်။

၇။ ရှုမြင်သုံးသပ်ပုံတွေကို ပြောင်းလဲကြည့်ပါ။

ကိုယ့်ရဲ့ပတ်ဝန်းကျင်ကအရာတွေ၊ အကောင်းအဆိုးရလဒ်တွေ၊ ပေါင်းသင်းဆက်ဆံနေရတဲ့သူတွေအပေါ် အကောင်းမြင်တတ်ရုံသာမကဘဲ မှန်မှန်ကန်ကန် သုံးသပ်ဖို့လည်း လိုပါတယ်။ ဥပမာ၊ ရုံးတက်ရုံးဆင်းချိန်တွေမှာ ကားတွေပိတ်ဆို့နေတာကို ကိုယ့်အတွက်ဒုက္ခတစ်ခုလို ရှုမြင်သုံးသပ်နေရင် စိတ်ညစ်နေရမှာပဲဖြစ်ပါတယ်။ ဒါကို သီချင်းနားထောင်ဖို့အချိန်ရတာပေါ့လို့ ခံယူလိုက်ရင်တော့ စိတ်ဖိစီးစရာကိစ္စမဖြစ်နိုင်တော့ပါဘူး။ အလားတူပဲ ကိုယ်က ဘောလုံးဝါသနာရှင်တစ်ယောက်ဆိုရင် နာမည်ကျော် ဘောလုံးအသင်းကြီးတွေ တစ်ခါတစ်လေမှာရှုံးနိမ့်တတ်တာဟာ ဖြစ်လေ့ရှိတဲ့သဘာဝပါပဲဆိုတာကို သုံးသပ်နိုင်ဖို့လိုပါတယ်။ ဒါကို ကိုယ်အားပေးတဲ့အသင်းရှုံးနိမ့်သွားလို့ဆိုပြီး ကိုယ့်ရဲ့ကျရှုံးမှုလို ခံစားနေတာဟာ အဓိပ္ပါယ်မရှိရုံသာမက၊ မလိုအပ်ဘဲ ကိုယ့်ရဲ့ စိတ်အခြေအနေကို ဆိုးကျိုးဖြစ်စေပါတယ်။

၈။ ကိုယ့်ရဲ့ ယုံကြည်မှုတွေကို ပြန်ဆန်းစစ်ကြည့်ပါ။

ကိုယ့်ရဲ့အသက်အရွယ်၊ ပညာဗဟုသုတတွေ ပြောင်းလဲလာတာနဲ့အမျှ ကိုယ်ရဲ့ ယုံကြည်မှုတွေ ပြောင်းလဲလာလေ့ရှိတာကို သတိပြုမိမှာပါ။ ကိုယ့်ရဲ့ စွဲမြဲနေတဲ့ အချို့ယုံကြည်မှုတွေက လက်ရှိအနေအထားနဲ့ မကိုက်ညီတော့ဘူးဆိုရင် အဲဒါတွေကြောင့် မလိုအပ်ဘဲ စိတ်ဖိစီးမှုတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဥပမာ ” အလုပ်တစ်ခုရဲ့ အကောင်းဆုံးရလဒ်ကို လိုချင်ရင် ကိုယ်တိုင်လုပ်မှ ရမှာပေါ့” ဆိုတာမျိုးက လူအများ မှားယွင်းစွာ ယုံကြည်နေတတ်တဲ့ဟာမျိုးပါ။ တကယ်လုပ်နိုင်မယ့်သူ (သို့) လေ့လာပြီး ကြိုးစားလုပ်ဆောင်ချင်သူတွေကို လုပ်ဆောင်ခွင့်ပေးလိုက်ခြင်းအားဖြင့် ပိုကောင်းတဲ့ရလဒ်တွေရလာနိုင်သလို၊ ကိုယ်တိုင်လည်း အနားယူဖို့ အချိန်ရလာနိုင်ပါတယ်။

၉။ ခံစားနေရတာတွေကို ဖွင့်ထုတ်၊ မျှဝေလိုက်ပါ။

စိတ်ဆရာဝန်တွေဟာ “ဆရာ့ကို ပြောပြလိုက်ရလို့ ခံစားနေရတာတွေ တဝက်သက်သာသွားပြီ” ဆိုတဲ့စကားကို မကြာခဏကြားရလေ့ရှိပါတယ်။ လူသဘာဝအရ ကိုယ့်ရဲ့ ခံစားချက်၊ ထင်မြင်ချက်တွေကို အခြားသူတွေကို မျှဝေချင်ကြပြီးတော့ ထောက်ခံအတည်ပြုခံရတာကို လိုချင်ကြပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတစ်ခုရှိလာပြီလို့ ယူဆရင် ကိုယ့်ရဲ့ခင်မင်ရသူတွေ၊ ယုံကြည်ရသူတွေကို မျှဝေပြောကြားလိုက်ပါ။ အဲဒီအစား အချို့ကတော့ ကိုယ်တိုင်ပဲ စာရွက်လွတ်ပေါ်မှာ ချရေးလိုက်တဲ့နည်းကို သုံးကြပါတယ်။

၁၀။ ဟာသတွေကို ခံစားကြည့်ပါ။

“ရယ်မောခြင်းဟာ အကောင်းဆုံးဆေးတစ်ခွက်” ဆိုတဲ့စကားကို ကြားဖူးပါလိမ့်မယ်။ ရယ်မောလိုက်တာကြောင့် မျက်နှာပြင်ပေါ်က တင်းကျပ်နေတဲ့ကြွက်သားတွေ ပြေလျော့သွားပြီး၊ စိတ်ဖိစီး တင်းကျပ်နေတာတွေကိုလည်း အမြန်ဆုံးသက်သာသွားနိုင်ပါတယ်။ အားရပါးရရယ်မောမှု တစ်ကြိမ်ဟာ ကိုယ်ခန္ဓာရဲ့ကြွက်သားတွေအပေါ် ၄၅ မိနစ်ကြာအောင် သက်ရောက်မှုရှိတယ်လို့ ဆေးပညာရှင်တွေက ဆိုကြပါတယ်။ ရယ်မောလိုက်ခြင်းက ဦးနှောက်က ထုတ်ပေးတဲ့ Endorphins ဓာတ်တွေကို လှုံ့ဆော်ပေးတာကြောင့် စိတ်ဖိစီးမှုနဲ့ဆက်စပ်တဲ့ ဆိုးကျိုးတွေအားလုံးကို သက်သာစေပါတယ်။

ဒါကြောင့် ဒီနေ့ခေတ်အချိန်မှာ စိတ်ဖိစီးမှုတွေကို လုံးဝမဖြစ်ပေါ်အောင် တားမြစ်ဖို့ မလွယ်ကူပေမယ့် မလိုလားအပ်တဲ့ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ဖို့တော့ ကိုယ့်ရဲ့ အမူအကျင့်တွေ၊ တွေးခေါ်စဉ်းစားပုံ၊ လူနေမှုဘဝပုံစံတွေ၊ လက်ရှိကြုံတွေ့နေရတဲ့ အခြေအနေတို့ကို ပြောင်းလဲနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ နောက်နေ့တွေမှာလည်း တခြားသော စိတ်ဝင်စားစရာ၊ ဗဟုသုတရစရာတွေကို တင်ပြပေးသွားပါဦးမယ်။

Just do it! လုပ်သာလုပ်လိုက်ပါ။

ခုချိန်မှာ ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုလည်းဖြစ် ပစ္စည်းအမျိုးအစားပေါင်းများစွာ ထုတ်လုပ်ပြီး အရမ်းအောင်မြင်နေတဲ့ Nike ဟာ ဟိုးအရင်တစ်ချိန်က သူ့ရဲ့ ပစ္စည်းတော်တော်များများကို မာရသွန်အပြေးသမားတွေအတွက် ဦးတည်ထုတ်လုပ်ခဲ့တာပါ။

၁၉၈၀ နောက်ပိုင်းနှစ်တွေမှာ သူတို့ရဲ့ ပြိုင်ဖက် Reebok က သူတို့ထက် ရောင်းအား အများကြီး ကောင်းနေပါတယ်။ လူတွေကြားမှာ အားကစားဆိုတာ ရေပန်းစားလာပေမယ့် Nike ရဲ့ ရောင်းအားက သိသိသာသာ တက်မလာပါဘူး။ နောက်ပိုင်း ကျန်းမာကြံ့ခိုင်ရေးတွေ အားကစားတွေဟာ လူတွေကြားမှာ ပိုပြီး ခေတ်စားလာတဲ့အခါမှာတော့ သူ့ရဲ့အရောင်းပိုင်းအဖွဲ့သားတွေက သူတို့ရဲ့ရောင်းအား တိုးတက်ဖို့ တစ်ခုခုလုပ်ဖို့ လိုနေပြီဆိုတာသိလာပါတယ်။ Nike က အောင်မြင်တဲ့ လုပ်ဆောင်ချက်စီမံကိန်းမျိုးဖြစ်ဖို့ ဘယ်လို ဖန်တီးရမလဲ၊ ကိုယ့်ရဲ့လုပ်ငန်း၊ ကုန်ပစ္စည်းတွေက ဘယ်လို ပြဿနာတွေကို ဖြေရှင်းပေးနိုင်မလဲဆိုတာ အမြဲစဉ်းစားနေခဲ့ပါတယ်။ သူ့တို့ ပြိုင်ဖက်က သူတို့ထက် ပိုပြီး ရောင်းအားကောင်းနေတဲ့ အချိန်မှာ သူတို့ ဘာတွေလိုအပ်နေသလဲ ပြဿနာက ဘာလဲဆိုတာကို သေချာလေ့လာသုံးသပ်ပါတယ်။ အရေးအကြီးဆုံးအချက်ဖြစ်တဲ့ ပြဿနာက ဘာလဲဆိုတာ အရင်ရှာတာပါ။ ပြဿနာဘာလဲဆိုတာ မသိရင်တော့ အဖြေမှန်လည်း ရမှာ မဟုတ်ပါဘူး။

သူတို့ရဲ့ ကြော်ငြာ အေဂျင်စီက ဝယ်သူတွေနဲ့ ဆက်သွယ်တဲ့နေရာမှာ ထိရောက်တဲ့ နည်းလမ်းမဟုတ်ဘူး လို့ သိခဲ့တော့ အဲ့ဒါနဲ့ ပတ်သက်ပြီး သုတေသနတွေ ပြုလုပ်ပါတယ်။ အားကစားက လူတွေ တစ်ယောက်ချင်းစီရဲ့ ဘဝမှာ ဘယ်လိုပါဝင်သလဲ၊ လူတွေ ဘာလို့ အားကစားမှာ ပါဝင်ကစားကြလဲ၊ အမှတ်တံဆိပ်တွေကို လူတွေ ဘယ်လိုမြင်လဲ၊ ကြော်ငြာတွေကိုဘယ်လိုမြင်လဲ၊ ဘယ်လိုဘာသာစကားတွေ ပုံတွေကို သုံးရင် ပိုနှစ်သက်လဲ၊ ဝယ်ယူတဲ့အခါမှာ ဘယ်လို တန်ဖိုးတွေကို ရဖို့ မျှော်လင့်ကြသလဲ စတဲ့ မေးခွန်းတွေကို အဖြေရှာပြီးမှ လုပ်ဆောင်ချက်တွေ စီစဉ်ခဲ့ပါတယ်။

Nike ဟာ Just do it ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ဆောင်ချက်အစီအစဉ်တစ်ခုကို စတင်ခဲ့ပါတယ်။ ဒီ Just do it ဆိုတာကို Wieden+Kennedy ဆိုတဲ့ ကြော်ငြာအေဂျင်စီ က Nike အတွက် ပြုလုပ်ပေးခဲ့တာပါ။ အရမ်း အောင်မြင်တဲ့ စီမံကိန်း တစ်ခုဖြစ်ပါတယ်။ ဒီ စီမံချက်ကို လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ Nike ရဲ့ ရောင်းအားဟာ သိသိသာသာ တိုးတက်လာပါတယ်။ ဒီ လုပ်ဆောင်ချက်ဟာ Nike ရဲ့ ပုံရိပ်ကို ဆန်းသစ်တီထွင်မှုရှိတဲ့ ပုံစံဖြစ်စေပြီး အမေရိကန်ရဲ့ အမွှန်းတင်ခံရတဲ့ အမှတ်တံဆိပ် အနေနဲ့ ဖြစ်အောင် ပြုလုပ်ပေးပါတယ်။

Just do it ဆိုတာလေးက တိုတိုလေးပါ။ ပြီးတော့ အဲ့ဒီစကားလုံးတွေက ချိုသာပါတယ်။ တက်ကြွမှုကို ဖြစ်စေပါတယ်။ ဒီ Just Do it ဆိုတာလေးမှာ စကားလုံး သုံးလုံးထက်ပိုတဲ့ ခံစားချက်တွေ ပါဝင်ပါတယ်။ လူတိုင်း ဒီအရာကို ဆက်စပ်ကြည့်လို့ရပါတယ်။ Just do it ဆိုတာလေးက ကျွန်တော်တို့အားလုံး ခံစားချက်တွေနဲ့ ဆက်စပ်လို့ရပါတယ်။

ဥပမာ – ငါးမိုင်လောက် ပြေးချင်စိတ်မရှိဘူးလား?
Just do it! လုပ်သာလုပ်လိုက်ပါ။
ဒါကို မလုပ်နိုင်ဘူးလို့ တွေးတောမိပါသလား?
Just do it!! လုပ်သာလုပ်လိုက်ပါ။
ဒီစကားလုံးတွေက ကျွန်တော်တို့ကို ကိုယ့်ရဲ့အကန့်အသတ်တွေကနေ ကျော်ပြီး လုပ်လိုက်ပါဆိုတဲ့ ခံစားချက်တွေ ပေးပါတယ်။

Nike က သူ့ရဲ့ ပစ္စည်းကို ရောင်းတာထက်စာရင် လူတွေရဲ့ ပြင်းပြတဲ့ဆန္ဒ ရည်မှန်းချက် စိတ်ခံစားချက်ကို ရောင်းနေတာပါ။ Nike ရဲ့ ကြော်ငြာတွေဟာ သူ့ရဲ့ ပစ္စည်းဘယ်လောက်ကောင်းလဲဆိုတာကို ဖော်ပြနေတာမဟုတ်ပါဘူး။ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ပုံရိပ်ကို သုံးပြီး လူတွေရဲ့ စိတ်ခံစားချက်ကနေ သူတို့ရဲ့ကုန်ပစ္စည်းကို ဆက်သွယ်ပါတယ်။ သူ့ရဲ့ ကြော်ငြာတစ်ခုစီဟာ လူတွေရဲ့ ထူးခြားတဲ့ ခံစားချက် လိုအပ်ချက်တွေကို Nike ရဲ့ ပစ္စည်း တွေကပဲ ဖြည့်ဆည်းပေးနိုင်မယ်၊ စိတ်ကျေနပ်မှုပေးနိုင်မယ်၊ ဒီလိုမျိုးဖြစ်အောင် ဖန်တီးပါတယ်။ မလုပ်နိုင်ဘူးဆိုတဲ့အရာတွေကို Just do it, လုပ်သာလုပ်လိုက်ပါ ဆိုပြီး လူတွေကို စိတ်ခွန်အားတက်ကြွအောင် လုပ်ပေးပါတယ်။ အောင်မြင်တဲ့ ကစားသမားတွေ နယ်ပယ်အမျိုးမျိုးက အောင်မြင်ကျော်ကြားတဲ့သူတွေကို သုံးပြီး အဓိပ္ပာယ်ရှိတဲ့ စိတ်ခွန်အား ဖြစ်စေမယ့် ရလဒ်တွေ အတွက် ကြော်ငြာပုံရိပ်တွေ ဖန်တီးပါတယ်။ လူတွေရဲ့ စိတ်ခံစားချက်ကို တိုက်ရိုက် ဆက်သွယ်နိုင်တဲ့ အရာနဲ့ သူတို့ရဲ့အမှတ်တံဆိပ်ကို ပုံဖော်ပါတယ်။

Nike ဟာ JDI campaign ကို ၁၉၈၈ ခုနှစ်နှောင်းပိုင်းမှာ စတင်ခဲ့ပါတယ်။ နှစ်စဉ် ရောင်းရနှုန်းဟာ $1.2 billion (အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ)အထိ တက်လာခဲ့ပါတယ်။ အရင်နှစ်ကထက် ၂၇ ရာခိုင်နှုန်းထိ တက်လာခဲ့တာပါ။ Nike ဟာ အခုအချိန်ထိ Just Do It စီမံချက်ကို လုပ်ဆောင်နေဆဲပါပဲ။

** ကြီးမားတဲ့အောင်မြင်မှုတွေဆိုတာ ထိုက်တန်တဲ့ကြိုးစားမှုတွေကို ပြုလုပ်ပြီးမှ ရရှိနိုင်တာမျိုးပါ။ ဒါကြောင့် စိန်ခေါ်မှုတွေကြုံလာရတိုင်း ဒီလို အမြဲမပြတ်ကြိုးစားပြီး အောင်မြင်လာတဲ့အကြောင်းအရာတွေကို သတိရပါ။ ကိုယ့်အတွက် တစ်ခုခုအင်အားဖြစ်စေတယ်ဆိုရင်တော့ သူငယ်ချင်းတွေကို မျှဝေလိုက်ပါ။

ကုန်ပစ္စည်းဖြန့်ချီရေးစာချုပ်တစ်ခုတွင် ပါဝင်သင့်သောအချက်များ

ကိုယ့်လုပ်ငန်းရဲ့ ထုတ်ကုန်ပစ္စည်းတွေကို ဖြန့်ချီ ရောင်းချချင်တဲ့ ကုမ္ပဏီတွေနဲ့ တဆင့်ခံရောင်းချသူ Distributor တွေအကြားမှာ အငြင်းပွားမှုတွေ မကြာခဏ ကြုံတွေ့ရလေ့ရှိပါတယ်။ အဲဒီလို အငြင်းပွားမှုတွေကို ရှောင်ရှားနိုင်ဖို့အတွက် ထုတ်လုပ်သူနဲ့ တဆင့်ခံ ရောင်းချသူ Distributor တွေ အကြားမှာ ပြည့်စုံခိုင်မာတဲ့ ဖြန့်ချီရေးစာချုပ်တစ်ခုကို ချုပ်ဆိုထားသင့်ပါတယ်။ ဒါကြောင့် ခိုင်မာတဲ့ ဖြန့်ချီရေး စာချုပ်တစ်ခု ဖြစ်ဖို့အတွက် အောက်မှာဖော်ပြထားတဲ့ အချက်တွေကို နှစ်ဦးနှစ်ဖက် ဆွေးနွေးပြီး စာချုပ်ထဲမှာ ထည့်သွင်းဖော်ပြထားသင့်ပါတယ်။

၁။ ရှင်းလင်းဖော်ပြချက်များ

ပထမဆုံးအပိုင်းကတော့ နှစ်ဦးနှစ်ဖက် ချုပ်ဆိုမယ့် စာချုပ်မှာ ပါဝင်တဲ့ အဓိက အကြောင်းအရာတွေကို အဓိပ္ပါယ်ဖွင့်ဆိုရှင်းလင်းချက်များ ဖြစ်ပါတယ်။ ဒီနေရာမှာတော့ ဘယ်သူနဲ့ ဘယ်သူဟာ ဘာပစ္စည်းတွေကို ရောင်းချ ဖြန့်ချီဖို့အတွက် စာချုပ်ချုပ်ဆိုခြင်းဖြစ်တယ် ဆိုတာကို ဖော်ပြရှင်းလင်းထားရမှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် တဆင့်ခံရောင်းချသူဟာ ထုတ်လုပ်သူနဲ့ တိုက်ရိုက်ချုပ်ဆိုတာလား။ ထုတ်လုပ်သူရဲ့ ကိုယ်စားလှယ် agent နဲ့ ချုပ်ဆိုတာလား။
နောက်တစ်ခုက တဆင့်ခံရောင်းချသူ Distributor ကို သက်ဆိုင်ရာဒေသမှာ တစ်ဦးတည်း ရောင်းချခွင့်ပေးမှာလား။ အခြားသူတွေကိုရော ရောင်းချခွင့်ပေးမှာလား။ တဆင့်ခံရောင်းချသူတွေကို အဆင့်သတ်မှတ်ချက်တွေ ခွဲခြားထားသေးလား။
နောက်ထပ်အရေးကြီးတာတစ်ခုက တဆင့်ခံရောင်းချသူအနေနဲ့ ထုတ်လုပ်သူရဲ့ ကုန်အမှတ်တံဆိပ် ပစ္စည်းအားလုံးကို ရောင်းချ ဖြန့်ချီ ခွင့်ရှိမှာလား၊ သို့မဟုတ် ကုန်ပစ္စည်း အချို့ကိုပဲလားဆိုတာကို တိတိကျကျ ဖော်ပြထားသင့်ပါတယ်။ ဥပမာ – Nestle ရဲ့ ထုတ်ကုန်ပစ္စည်းတွေဟာ အမျိုးအစား များပြားတာကြောင့် သက်ဆိုင်ရာ အုပ်စုအလိုက် ခွဲခြမ်းသတ်မှတ်ပြီး ဖြန့်ချီ ခိုင်းလေ့ရှိပါတယ်။

၂ ။ နေရာ၊ ဒေသ ပိုင်းခြားသတ်မှတ်မှု

နောက်တစ်ပိုင်းကတော့ နေရာ၊ ဒေသ ပိုင်းခြားသတ်မှတ်မှု ဖြစ်ပါတယ်။ တဆင့်ခံရောင်းချသူ Distributor ဟာ ဘယ်နေရာ၊ ဒေသတွေမှာ ရောင်းချ ဖြန့်ချီ ခွင့်ရှိတာလဲ။ တစ်နိုင်ငံလုံးလား၊ မြန်မာပြည် အထက်ပိုင်းလား အောက်ပိုင်းလား။ အဲဒီ နေရာ၊ ဒေသတွေကို ဘယ်လို သတ်မှတ်တာလဲ။ မြို့နယ်အလိုက်လား၊ အကွာအဝေးမိုင်နဲ့လား ဆိုတာတွေကို တိတိကျကျ ဖော်ပြပြီး သဘောတူထားဖို့ လိုအပ်ပါတယ်။
ဥပမာ – မန္တလေးတိုင်းအတွင်း ဖြန့်ချီရောင်းချခွင့်လို့ဆိုရင် မန္တလေးတိုင်းအတွင်းရှိ ဘယ်နေရာဒေသမဆို ပါဝင်တာလား၊ ဒါမှမဟုတ် အချို့ မြို့တွေကို သီးခြားဖယ်ထုတ်ထားတာမျိုး ရှိသလား။ အချို့ company တွေက ဈေးကွက်မှာ အဓိက အချက်အချာကျတဲ့မြို့တွေကို ကိုယ်တိုင်တိုက်ရိုက် ထိန်းချုပ်ချင်တဲ့အတွက်၊ တဆင့်ခံရောင်းချသူ Distributor တွေကို မပေးဘဲ သီးခြားဖယ်ထုတ်ထားလေ့ ရှိကြပါတယ်။

၃။ အရောင်းပမာဏနှင့် အရောင်းကော်မရှင်ခံစားခွင့်များ

ဒီအပိုင်းမှာတော့ တဆင့်ခံရောင်းချသူဘက်က လစဉ် သို့မဟုတ် နှစ်အလိုက် ပြည့်မှီရမယ့် အရောင်းပမာဏ သတ်မှတ်ချက်ရှိခဲ့ရင် (ငွေကြေးတန်ဖိုး သို့ ပစ္စည်း အရေအတွက်ကို ) ဖော်ပြထားရပါမယ်။
အဲဒီအရောင်းပမာဏပေါ်အခြေခံပြီး အကျိုးခံစားခွင့်အနေနဲ့ အရောင်းကော်မရှင် % ဘယ်လောက်ပေးမှာလဲ၊ ဘယ်အချိန်မှာ ပေးမှာလဲ။ နောက်ထပ် အခြား ဘယ်လို အကျိုးခံစားခွင့်တွေ ရနိုင်သေးလဲ။ အဲဒါတွေကို ဘယ်လိုပုံစံနဲ့ ပေးမှာလဲ။ ငွေကြေးအဖြစ်လား၊ ကုန်ပစ္စည်းအနေနဲ့ တန်ဖိုးဖြတ်ပေးမှာလားဆိုတာတွေကို ဖော်ပြထားသင့်ပါတယ်။

၄။ အရောင်းမြှင့်တင်မှုအစီအစဉ်များ

တဆင့်ခံရောင်းချသူတွေဟာ ထုတ်လုပ်သူတွေက လုပ်ဆောင်တဲ့ အရောင်းမြှင့်တင်မှုအစီအစဉ်တွေမှာ ပူးပေါင်းပါဝင်ရလေ့ရှိပါတယ်။ အဲဒီလို ပါဝင်ဆောင်ရွက်ပေးရမယ့်ကိစ္စတွေကိုလည်း သဘောတူစာချုပ်မှာ ထည့်သွင်းဖော်ပြထားဖို့ လိုပါတယ်။
ဥပမာ ဖြန့်ချီရောင်းချသူရဲ့ ဆိုင်နေရာမှာ ကုန်အမှတ်တံဆိပ်ပိုစတာတွေနဲ့ အလှဆင်ထားတာမျိုး၊ ဖြန့်ချီရောင်းချသူရဲ့ ဝန်ထမ်းတွေကို ပရိုမိုးရှင်းပွဲတွေမှာ အသုံးပြု တာမျိုးတွေကို ကြိုတင်သဘောတူထားသင့်ပါတယ်။

၅။ လုပ်ငန်းနှင့်ပတ်သက်သော သင်တန်းပို့ချမှုများ

ထုတ်လုပ်သူက သူတို့ရဲ့ ကုန်ပစ္စည်းနဲ့ ပတ်သက်တဲ့ Training သင်တန်းတွေ၊ လုပ်ငန်းဆောင်ရွက်ပုံတွေ၊ ဆားဗစ်ပေးတဲ့ပုံစံတွေကို သင်ကြားပို့ချပေးလေ့ရှိပါတယ်။ အဲဒီလိုပို့ချတဲ့ Training သင်တန်းတွေမှာ ဖြန့်ချီရောင်းချသူဘက်က ဘယ်လိုပုံစံနဲ့ ပူးပေါင်းပါဝင်ပေးရမယ်ဆိုတာတွေကို ဖော်ပြထားသင့်ပါတယ်။
ဥပမာအားဖြင့် ရန်ကုန်က ထုတ်လုပ်သူက မန္တလေးက ဖြန့်ချီရေးသမားရဲ့ ဝန်ထမ်းတွေကို ရန်ကုန်ရုံးချုပ်ကို သင်တန်းလာတက်ခိုင်းတာမျိုးတွေဟာ မူလစာချုပ်မှာ ထည့်သွင်းဖော်ပြထားခဲ့တာမရှိခဲ့ရင် နောက်ပိုင်းမှာ ပြသနာဖြစ်တတ်တဲ့ကိစ္စမျိုးဖြစ်ပါတယ်။

၆။ စားသုံးသူများအတွက် ဝန်ဆောင်မှုပေးရသောကိစ္စများ

အချို့ကုန်ပစ္စည်းတွေက စားသုံးသူတွေအတွက် ဝန်ဆောင်မှုပေးရတဲ့ကိစ္စတွေ အဓိက ပါဝင်နေလေ့ရှိပါတယ်။ ဥပမာအားဖြင့် ကွန်ပြူတာတွေ၊ လျှပ်စစ်ပစ္စည်းတွေမှာ တပ်ဆင်ပေးရတာတွေ၊ ပြုပြင်ပေးရတာတွေ ပါဝင်လေ့ရှိပါတယ်။ အဲဒီလို ဝန်ဆောင်မှုပေးရတဲ့ကိစ္စတွေမှာ ဖြန့်ချီရောင်းချသူတွေအနေနဲ့ တာဝန်ယူ လုပ်ဆောင်ပေးရမယ့် တာဝန်တွေကို ရှင်းရှင်းလင်းလင်း ကြိုတင်သဘောတူထားသင့်ပါတယ်။ အလားတူပဲ စားသုံးသူတွေ နစ်နာဆုံးရှုံးရတာတွေရှိခဲ့ရင် ထုတ်လုပ်သူဘက်က ဘယ်လိုကိစ္စရပ်မျိုးကိုတော့ တာဝန်ယူမှာဖြစ်ပါတယ် ဆိုတာတွေကို ဖော်ပြထားရပါမယ်။

၇။ အခြား စည်းကမ်းသတ်မှတ်ချက်များ

ဒီအပိုင်းမှာတော့ ဖြန့်ချီရောင်းချသူတွေဘက်မှ လိုက်နာရမယ့်၊ လုပ်ဆောင်ပေးရမယ့်အရာတွေနဲ့ ရှောင်ကြဉ်ရမယ့်အရာတွေကိုလည်း တိတိကျကျ ဖော်ပြထားသင့်ပါတယ်။ လိုက်နာရမယ့်ကိစ္စတွေက ဥပမာအားဖြင့် ကုန်ပစ္စည်းသိုလှောင်ထိန်းသိမ်းရမယ့် ပုံစံတွေ၊ အရောင်းဝန်ထမ်းတွေကို စီမံအုပ်ချုပ်ပေးရမယ့်အပိုင်းတွေ၊ ကုန်ပစ္စည်း ဈေးနှုန်းပြောင်းလဲမှုတွေ၊ ကုန်ပစ္စည်းတွေ ပို့ပေးဖို့ ကုန်အမှာစာ ပေးပို့ရမယ့်ကိစ္စမျိုးတွေဖြစ်ပါတယ်။ ဖြန့်ချီရောင်းချသူဘက်က ရှောင်ကျဉ်ရတဲ့ကိစ္စမျိုးက ဥပမာ ပြိုင်ဘက်ရဲ့ ကုန်ပစ္စည်းတွေကို ရောင်းချခြင်း မပြုလုပ်ဖို့ဆိုတာမျိုးဖြစ်ပါတယ်။

၈။ စာချုပ်သက်တမ်းကာလနှင့် စာချုပ်ပျက်ပယ်ခြင်းဆိုင်ရာ ကိစ္စရပ်များ

ဒီနေရာမှာတော့ ထုတ်လုပ်သူ သို့မဟုတ် တင်သွင်းလာသူနဲ့ တဆင့်ခံရောင်းချသူ Distributor တွေအကြားမှာ ချုပ်ဆိုတဲ့ ဖြန့်ချီရေးစာချုပ်ရဲ့ သက်တမ်းကာလကို ရှင်းရှင်းလင်းလင်း ဖော်ပြထားသင့်ပါတယ်။ ဥပမာ – ၃နှစ်လား၊ ၅ နှစ်လား။ အဲဒီလိုဖော်ပြထားတဲ့ သက်တမ်းကာလ မကုန်ဆုံးခင်မှာ နောက်ထပ်စာချုပ်သက်တမ်းတိုးသွားဖို့ ဘာတွေလုပ်ဆောင်ပေးရမယ်ဆိုတာကိုလည်း စာချုပ်ထဲမှာ ထည့်သွင်း ဖော်ပြထားသင့်ပါတယ်။ ဥပမာ တစ်ဖက်နဲ့တစ်ဖက် ၃-လ ကြိုတင်၍ အသိပေးရမယ် ဆိုတာမျိုးဖြစ်ပါတယ်။
စာချုပ်ပျက်ပယ်ခြင်းဆိုင်ရာကိစ္စရပ်တွေမှာတော့ စာချုပ်မှာ သဘောတူထားတဲ့ကိစ္စရပ်တွေကို တစ်ဦးတစ်ယောက်မှ ချိုးဖောက်ခဲ့ရင် ဘာတွေလုပ်ဆောင်နိုင်တယ်ဆိုတာကို ဖော်ပြထားရပါမယ်။ ဥပမာအားဖြင့် (ထုတ်လုပ်သူရဲ့ ပြိုင်ဘက်၏ ကုန်ပစ္စည်းတွေကို ရောင်းချပါက ဤစာချုပ်ကို ထုတ်လုပ်သူဘက်မှ ပျက်ပြယ်ကြောင်း ဆုံးဖြတ်နိုင်သည်) ဆိုတာမျိုးဖြစ်ပါတယ်။

၉။ အငြင်းပွားမှုများကို ဖြေရှင်းခြင်း

ဒီနေရာမှာတော့ ဘယ်လိုကိစ္စတွေက လူတွေရဲ့ လုပ်ဆောင်မှုကြောင့် ဖြစ်စေတာ၊ ဘယ်လိုကိစ္စတွေက သဘာဝတရားကြောင့်ဖြစ်ပေါ်တာ ဆိုတာတွေကို ရှင်းလင်းထားသင့်ပါတယ်။ ဥပမာ မုန်တိုင်းကျလို့ ကုန်ပစ္စည်းတွေ ပျက်စီးသွားတာမျိုးဆိုရင် သဘာဝတရားကြောင့်လို့ သတ်မှတ်ထားတာမျိုးဖြစ်ပါတယ်။
နောက်ပြီး အငြင်းပွားမှုတွေ ပေါ်ပေါက်ခဲ့ရင် ဖြေရှင်းဖို့အတွက် ဘယ်ကိစ္စတွေကို တရားရုံးမှာ ဖြေရှင်းမယ်၊ ဘယ်ကိစ္စတွေကို ကုန်သည်လုပ်ငန်းရှင်များအသင်းမှာ ဖြေရှင်းမယ်၊ ဘယ်ကိစ္စတွေကိုတော့ အချင်းချင်းညှိနှိုင်းဖြေရှင်းမယ်ဆိုတာတွေကို သဘောတူထားဖို့ လိုအပ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ ဖြန့်ချီရေးစာချုပ်တစ်ခုဟာ စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ သဘောတူစာချုပ်ဖြစ်တဲ့အတွက် ဘာတွေတော့ မဖြစ်မနေ ပါဝင်ရမယ်၊ ဘာတွေတော့ မပါရဘူးဆိုတာမျိုးမရှိပါဘူး။ ဒါကြောင့် ထုတ်လုပ်သူနဲ့ ဖြန့်ချီရောင်းချသူတို့ လုပ်ငန်းဆောင်ရွက်ရာမှာ အဆင်ပြေဆုံးဖြစ်စေဖို့အတွက် အထက်မှာဖော်ပြခဲ့တဲ့ အချက်အလက်များကို နှစ်ဦးနှစ်ဖက် တိုင်ပင်ဆွေးနွေးပြီး စာချုပ်မှာထည့်သွင်းချုပ်ဆိုထားခြင်းဖြင့် မလိုလားအပ်တဲ့ ပြသနာတွေကို ကြိုတင်ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်ကတော့ Aung Myin Online Learning မှ ဆရာ ကျော်ဇောလင်း ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

အောင်မြင်လိုသူတိုင်း သိရှိထားသင့်တဲ့ Golden Cycle

အောင်မြင်လိုသူတိုင်း သိရှိထားသင့်တဲ့ Golden Cycle ဆိုတဲ့ အယူအဆလေး တစ်ခုကို Simon Sinek ဆိုတဲ့ နာမည်ကျော် စာရေးဆရာနဲ့ ဟောပြောသူတစ်ယောက်က အခုလို တင်ပြခဲ့ပါတယ်။

သူဖော်ပြခဲ့တဲ့ အဲ့ဒီ Golden Cycle မှာ အလွှာ ၃ လွှာပါရှိပြီး What >> How >> Why ဆိုပြီး အစဉ်လိုက်အတိုင်း ရှိနေပါတယ်။

  • ” What” ဆိုတာကတော့ ကိုယ် ဘာလုပ်နေလဲ / ကိုယ့်အဖွဲ့အစည်း က ဘာလုပ်နေလဲ ကို သိရှိဖို့ ဖြစ်ပါတယ်။
  • “How” ကတော့ ဘယ်လိုလုပ်နေသလဲ / ဘယ်လို ဆက်လုပ်မလဲ ဆိုတာကို ရှင်းရှင်းလင်းသိရှိဖို့ ဖြစ်ပါတယ်။
  • ” Why” က ဒီအလုပ်ကို ဘာကြောင့် လုပ်နေသလဲ / ဘာကြောင့် လုပ်သင့်သလဲ ဆိုတာ သိရှိဖို့ လိုအပ်တာကို ဆိုလိုပါတယ်။

လူတော်တော်များများက အလုပ်လုပ်တဲ့အခါ အပြင်ကနေ အတွင်းထိ What >> How >> Why ဆိုပြီး အစဉ်လိုက်အတိုင်း လုပ်ကြပါတယ်။ ဒါကတော့ သာမန်လုပ်ရိုး လုပ်စဉ်ပါပဲ – ကိုယ် ဘာလုပ်နေလဲ – ဘယ်လို လုပ်ရမလဲ – ဘာကြောင့် လုပ်သင့်သလဲ ဆိုတာ သိရင် အလုပ်ဖြစ်နေပြီလို့ ထင်ကြပါတယ်။

စာရေးသူ Simon Sinek ရဲ့ လေ့လာချက်အရ တကယ့်တကယ် အောင်မြင်သူတွေ ၊ အောင်မြင်တဲ့ အဖွဲ့အစည်းတွေ အလုပ်လုပ်တဲ့အခါ Why ကနေ စပြီး စဉ်းစားကြပါသတဲ့။ ဒါကြောင့် ကိုယ်ဒီအလုပ်ကို ဘာကြောင့်လုပ်သင့်သလဲ အရင်တွေးရပါတယ်။ ပြီးမှ ဘယ်လို လုပ်သင့်သလဲ / ဘာကိုလုပ်ရမလဲ ဆိုပြီး Why >> How >> What အတွင်းကနေ အပြင်ကို ပြန်စဉ်းစားကြပါတယ်။ ရေရှည် အောင်မြင်ချင်ရင် What နဲ့ How တွေ ကိုပဲ အလေးပေးဆောင်ရွက်တာမျိုး မဟုတ်ဘဲနဲ့ Why ကိုပါ ဦးစားပေး လုပ်ဆောင်ရမှာပဲ ဖြစ်ပါတယ်။

ကိုယ်ရဲ့ ရေရှည်သွားမယ့် ပန်းတိုင် Vision ကို သိမှ ရှေ့လျောက် ဘာဆက်လုပ်ရမယ်၊ ဘာကြောင့်လုပ်သင့်သလဲ ဆိုတာကို သေချာပြောနိုင်ပါလိမ့်မယ်။ ဒါမှသာ ကိုယ်ရဲ့ လက်အောက်ငယ်သားတွေ လုပ်ဖော်ကိုင်ဖက်တွေကို တစ်သွေး တစ်သံ တစ်မိန့် ယုံကြည်မှု အပြည့်အဝရမှာပဲ ဖြစ်ပါတယ်။ Vision ချမှတ်တယ် ဆိုတာလည်း အကြောင်းမဲ့ မဟုတ်ပါဘူး။ ရှေ့ဆက်သွားရမယ့် လုပ်ငန်းတွေမှာ ကိုယ်တစ်ယောက်ထဲ သာမက လုပ်ဖော်ကိုင်ဖက်တွေကိုပါ စည်းရုံးလုပ်ဆောင်နိုင်ဖို့ အတွက် အဆင်ပြေစေပါတယ်။ လုပ်ငန်းအပေါ် ယုံကြည်ချက်တွေ ခိုင်မာလာစေတယ်။ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို ရည်ရွယ်ချက်ရှိရှိ လုပ်ကိုင်လာနိုင်မှာပါ။

မိမိကိုယ်ကို ဦးဆောင်နိုင်၊ မိမိပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်ကောင်းများ ဖြစ်လာမှာဖြစ်ပြီး အောင်မြင်မှုကို ရေရှည်ထိန်းသိမ်းနိုင်ဖို့ အတွက် Why နဲ့စတင်ဖို့ လိုတယ်လို့ Golden Cycle Concept မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Comfort Zone ထဲကနေ ထွက်ပြီး အောင်မြင်မှုတွေ ရယူလိုက်ပါ။

တစ်ခါက ဘုရင်ကြီးတစ်ပါးရှိတယ်။ ဒီဘုရင်ကြီးက ငှက်တွေကို အလွန်နှစ်သက်တယ်တဲ့။ တစ်နေ့တော့ သိမ်းငှက်နှစ်ကောင်လက်ဆောင်ရပါတယ်။ ဒီသိမ်းငှက်ကြီးတွေဟာဆိုရင် မြင်ဖူးသမျှထဲမှာ အချောမောဆုံး၊ အလှပဆုံး အမဲလိုက်သိမ်းငှက်ကြီးတွေ ဖြစ်ကြပါတယ်။ ဘုရင်ကြီးက ဒီသိမ်းငှက်ကြီးတွေကို အရမ်းသဘောကျနေတယ်တဲ့။ သူတို့တွေကို လေ့ကျင့်သင်ကြားပေးဖို့ နန်းတွင်းက လေ့ကျင့်ရေးဆရာဆီကို ပို့ခဲ့တယ်။ ဒီလိုနဲ့ တဖြည်းဖြည်း လတွေကြာလာပြီး တစ်နေ့မှာတော့ လေ့ကျင့်ရေးဆရာက သိမ်းငှက်ကြီးတွေအကြောင်း ဘုရင်ကြီးကို အသိပေးခဲ့တယ်။
“ဘုရင်ကြီးဘုရား၊ သိမ်းငှက်ကြီးတစ်ကောင်ကတော့ဖြင့် ကောင်းကင်ယံထက်မှာ လှပကျော့ရှင်းစွာ ပျံသန်းနိုင်နေပါပြီဘုရား။ ဒါပေမဲ့ တစ်ခြားတစ်ကောင်ကတော့ သူနားနေတဲ့ သစ်ကိုင်းကနေ ယနေ့ချိန်ထိ မပျံသန်းသေးပါဘုရား” လို့ လျောက်တင်ပါတယ်။ ဒီလိုနဲ့ ဘုရင်ကြီးက တိုင်းပြည်မှာ ရှိတဲ့ သိမ်းငှက်လေ့ကျင့်ရေးဆရာတွေကို ဒီသိမ်းငှက်ကြီး ပျံသန်းနိုင်အောင် သင်ကြားပေးနိုင်တဲ့သူကို ဆုချီးမြှင့်ပေးမယ်လို့ ကြေငြာမောင်းခတ်ခဲ့တယ်။ ဒါပေမဲ့ ဘယ်သူကမှ မပြုလုပ်နိုင်ခဲ့ပါဘူး။ ဒါနဲ့ ဘုရင်ကြီးက ကျေးလက်တောတောင်တွေနဲ့ နီးစပ်တဲ့သူတွေကတော့ လုပ်ပေးနိုင်မှာပဲလို့ စဉ်းစားမိပြီး လယ်သမားတွေကို ကြောငြာပြန်တယ်။
နောက်တစ်နေ့ မနက်ခင်းမှာတော့ ဘုရင်ကြီးဟာ နားနေတဲ့ သစ်ကိုင်းကနေ မရွေ့တဲ့ သိမ်းငှက်ကြီး ကောင်းကင်ယံထက်မှာ လှပစွာ ပျံသန်းနေတာကို တွေ့လိုက်ရပါတယ်။ ဘုရင်ကြီးအလွန်အမင်း အံ့အားသင့်သွားပါတယ်။ ဒါနဲ့ ဘုရင်ကြီးက ဒီငှက်ကြီးကို ပျံသန်းအောင်လုပ်နိုင်ခဲ့တဲ့သူကို ရှေ့မှောက်ခေါ်ဆောင်ခဲ့ဖို့ မှူးမတ်တွေကို အမိန့်ပေးခဲ့တယ်။ အဲ့ဒီအခါမှာ မှူးကြီးမတ်ရာတွေက လယ်သမားတစ်ယောက်ကို ခေါ်ဆောင်လာတယ်။ ဘုရင်ကြီးက အလွန်အမင်းသိချင်စိတ်တွေနဲ့ ဒါကို ဘယ်လိုများလုပ်ဆောင်နိုင်ခဲ့လဲလို့ မေးတော့ လယ်သမားက “ဒါဟာ အလွန်လွယ်ကူတဲ့ ကိစ္စရပ်တစ်ခုသာ ဖြစ်ပါတယ်ဘုရား။ ကျွန်တော်မျိုးက ဒီသိမ်းငှက်ကြီး နားခိုနေတဲ့ သစ်ကိုင်းကို ဖြတ်တောက်ခဲ့ရုံပါပဲဘုရား” လို့ လျောက်တင်ခဲ့တယ်။ ကျွန်တော်တို့တွေလည်း ဒီပုံပြင်ထဲက သိမ်းငှက်ကြီးလိုပါပဲ။

တစ်ခါတစ်လေမှာ ကျွန်တော်တို့လိုချင်တာတွေကို ရဖို့ ကျွန်တော်တို့ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ နားနေတဲ့ သစ်ကိုင်းလေးကို ဖြတ်တောက်လိုက်ရုံပါပဲ။ ကျွန်တော်တို့ လူသားတွေဟာ မိမိတို့ ရင်းနှီးကျွမ်းဝင်နေကြ ပတ်ဝန်းကျင်မှာပဲ နေထိုင်ရတာကို နှစ်သက်ကြပါတယ်။ ဒီပတ်ဝန်းကျင်မှာပဲ တွယ်ဖက်နေထိုင်ကြတယ်။ လုပ်ကိုင်နေကြ အရာတွေ လုပ်ရတာ ကြိုက်တယ်။ ကိုယ်ပေါင်းသင်းဆက်ဆံနေကြ သူငယ်ချင်း မိတ်ဆွေတွေ ဒီလို ရင်းနှီးပြီးသားလူတွေနဲ့ပဲ ပေါင်းသင်းရတာကြိုက်တယ်။ ဒီလိုပဲ ပေါ့ပေါ့ပါးပါး နေရတာကြိုက်တယ်။ အသစ်အဆန်းတွေ မလုပ်ဘူး။ အတွေ့အကြုံအသစ်တွေရဖို့ မကြိုးစားဘူး။ ဒါဆိုရင် ကျွန်တော်တို့တွေ Comfort Zone မှာနေနေကြတာပါ။

Comfort Zone မှာတော့ ကျွန်တော်တို့အတွက် ရင်းနှီးပြီးသားအရာတွေ ရှိနေပြီး ပတ်ဝန်းကျင်ကို ထိန်းချုပ်နိုင်ပါတယ်။ စိတ်ပူပန်စရာနဲ့ စိတ်မချမ်းသာမှုတွေ မရှိတဲ့နယ်ပယ်တစ်ခုပါ။ ဒီနယ်ပယ်မှာရောက်နေရင် ပုံမှန်လုပ်ဆောင်ချက်တွေ လုပ်ကိုင်နိုင်မယ်။ မသေချာမှုတွေ နည်းပါးပြီး ယုံကြည်အားထားလို့ရတဲ့ အခြေအနေ ထိန်းချုပ်နိုင်စွမ်းရှိတဲ့ အခြေအနေမျိုးပါ။ Comfort Zone ထဲမှာ နေတဲ့အခါ သက်တောင့်သက်သာ ဖြစ်နေတဲ့အတွက် ပျော်ရွှင်တယ်လို့ ထင်နေတတ်ပါတယ်။ ဒါပေမဲ့ တကယ်တမ်းက Comfort Zone ထဲမှာ နေတာကြာလေလေ ကျွန်တော်တို့ မပျော်ရွှင်ရလေလေ ဖြစ်မှာပါ။

သက်တောင့်သက်သာဖြစ်နေတယ်ဆိုတာ တစ်နည်းအားဖြင့် ကိုယ်ဟာ မတိုးတက်ဘူး။ မကြီးထွားဘူးလို့ ပြောတာပါ။ ကိုယ့်ကိုယ်ကို တွန်းအားမပေးဘူး။ ကိုယ်ရောက်နေတဲ့ နေရာမှာပဲ ကျေနပ်နေတယ်။ ဒီအခြေအနေကနေ တိုးတက်ဖို့ အင်အားစိုက်ထုတ်မှုမရှိဘူး။ ဒီလို ဆိုလိုပါတယ်။

ဘာကြောင့် Comfort Zone ထဲက ထွက်ဖို့ လိုအပ်တာလဲ။ ဘဝမှာ ကျွန်တော်တို့တွေဟာ ကြီးပွားတိုးတက်နေတာ ဒါမှမဟုတ်ရင် သေဆုံးနေတာပါပဲ။ ပျော်ရွှင်စရာဘဝရဲ့ အခြေခံ လိုအပ်ချက်ကတော့ တိုးတက်မှုပါ။ Comfort Zone ထဲမှာပဲ နေရင်တော့ မင်း မရွေ့လျားဘူးလို့ ဆိုလိုတာပါ။ ဒါဆိုရင် မင်းတိုးတက်ဖို့ မဖြစ်နိုင်ပါဘူး။ မတိုးတက်ရင် မင်းအမှန်တကယ် မပျော်ရွှင်ရပါဘူး။ ကျွန်တော်တို့ လုပ်နေကျအတိုင်း လုပ်ရင် ရနေကျ အရာတွေ ရလဒ်တွေပဲ ရကြမှာပါ။ Comfort Zone ထဲမှာနေထိုင်နေရင် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို မရရှိနိုင်ပါဘူး။

ကျွန်တော်တို့တွေ ဘဝမှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို လိုချင်တယ်ဆိုရင်တော့ နေထိုင်နေကျဖြစ်တဲ့ Comfort Zone ကနေ ဖောက်ထွက်ဖို့လိုအပ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ ဘဝရဲ့ တိုးတက်မှုအတွက် အလွန်အရေးကြီးတဲ့ အရာဖြစ်ပါတယ်။ ကျွန်တော်တို့တွေ Comfort Zone ထဲကနေ ဘာကြောင့် ပြေးမထွက်နိုင်ကြတာလဲ။ ဘာလို့လဲဆိုတော့ Comfort Zone ထဲမှာ နေနေရင် လုံခြုံမှု ရင်းနှီးမှု သက်တောင့်သက်သာဖြစ်မှု စတဲ့အရာတွေ ရရှိကြလို့ပါ။ Comfort Zone ကနေ ပြေးမထွက်နိုင်ကြဘူး။ လူတွေဟာ ကိုယ်နဲ့ ရင်းနှီးပြီးသားဖြစ်တဲ့အရာတွေကို လုပ်ရတာ နေနေကျ ရင်းနှီးပြီးသား ပတ်ဝန်းကျင်မှာ နေရတာကို လုံခြုံတယ်လို့ စိတ်ခံစားရပါတယ်။ လူ့သဘာဝအရ မသေချာမှုတွေကို မကြိုက်ကြပါဘူး။ ခုချိန်အဆင်မပြေတာတွေ စိတ်မချမ်းသာမှု မနှစ်မြို့မှုတွေထက်စာရင် Comfort Zone ထဲက ထွက်လိုက်လို့ ရရှိလာမယ့် အဆင်မပြေမှုတွေကို ကြောက်တဲ့ အကြောက်တရားကြောင့် ကျွန်တော်တို့တွေ ပြေးမထွက်နိုင်ကြတာပါ။ အသစ်အသစ်တွေ လုပ်ဖို့ စွန့်စားရမှာထက် လုပ်နေကျအရာတွေကို လုပ်ဖို့ကိုပဲ ပိုပြီးစိတ်အားထက်သန်ကြပါတယ်။

Comfort Zone ကနေ ဘယ်လိုထွက်ကြမလဲ။

၁။ သတ္တိ (courage)

Comfort Zone ထဲက ထွက်နိုင်ဖို့ အလွန်လိုအပ်တဲ့ အရာကတော့ courage ဆိုတဲ့ သတ္တိပါ။ ကိုယ့်ကိုယ်ကို စိန်ခေါ်မှုတွေ ပြုလုပ်ရဲတဲ့ သတ္တိပါ။ သက်တောင့်သက်သာ နေနေရတဲ့ဘ၀ လုပ်နေကျ ကိုင်နေကျတွေ လုပ်နေရတဲ့ဘဝကနေ အသစ်အဆန်းတွေပြုလုပ်ပြီး စိန်ခေါ်မှုတွေကို မကြောက်ရွံ့ဘဲ မသေချာမှုတွေကို ပြေးတွေ့ရဲတဲ့ သတ္တိမျိုး မွေးမြူရပါမယ်။

၂။ ကိုယ့်ရဲ့ နေ့စဉ်ပြုလုပ်နေကျ အလေ့အကျင့်တွေကို ပြောင်းလဲရပါမယ်။

ကျွန်တော်တို့တွေ နေ့စဉ်ပြုလုပ်နေကျ အလေ့အကျင့်တွေဟာ ကျွန်တော်တို့ဘ၀ အောင်မြင်မှုအတွက် အလွန်အရေးပါတဲ့အရာထဲမှာ ပါဝင်နေပါတယ်။ ဒီအလေ့အကျင့်တွေက ကိုယ့်ရဲ့ Comfort Zone ဖြစ်နေမယ်ဆိုရင် အသေအချာပြောင်းလဲဖို့ လိုအပ်နေပါပြီ။ ဥပမာ ကျွန်တော်တို့ မနက်တိုင်း အိပ်ရာထနောက်ကျတတ်သလား။ ဒါဆို ဒီလိုနေ့စဉ် အလေ့အကျင့်တွေကို ပြောင်းလဲပစ်ရပါမယ်။

၃။ ကိုယ့်ကိုယ်ကို အမိန့်ပေးခိုင်းစေတတ်တဲ့ အလေ့အကျင့် ပျိုးထောင်ရပါမယ်။

ကျွန်တော်တို့တွေ တစ်ခြားသူတွေကို ခိုင်းစေရတာ အလွန်လွယ်ကူပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ခိုင်းစေဖို့ကျပြန်တော့ မလွယ်ကူလှပါဘူး။ ပျင်းရိမှုတွေ အကြောက်တရားတွေကို တွန်းလှန်ပြီး ချက်ချင်းလုပ်ဆောင်နိုင်ဖို့ ကိုယ့်ကိုယ်ကို အမိန့်ပေးနိုင်ဖို့ လိုအပ်ပါတယ်။

၄။ ကိုယ့်ကို စိန်ခေါ်စေမယ့် ပန်းတိုင်တစ်ခုကို ချမှတ်ပြီး လက်တွေ့လုပ်ဆောင်ရပါမယ်။

ဥပမာ ကိုယ်ရဲ့ လစဉ် ပုံမှန်ရောင်းအား ထက်ပိုပြီး ရနိုင်ဖို့ ချမှတ်လုပ်ဆောင်တာမျိုးပါ။ ကိုယ်က စာဖတ်တာ ဝါသနာ မပါဘူး။ စာဖတ်တဲ့ အလေ့အကျင့်ကို တိုးစေဖို့ တစ်လအတွင်း စာအုပ် ဘယ်နှစ်အုပ်ဖတ်မယ် စသည်ဖြင့် ကိုယ့်ကိုယ်ကို စိန်ခေါ်စေမယ့် ပန်းတိုင်တစ်ခုကို ချမှတ်ပြီး လက်တွေ့လုပ်ဆောင်နိုင်ရပါမယ်။ အကြောက်တရားကို ပယ်ဖျောက်တဲ့ အလေ့အကျင့် ရစေဖို့ ကိုယ့်ကို စိန်ခေါ်စေမယ့် အရာတွေကို ရွေးချယ်လုပ်ဆောင်ပါ။

ဥပမာ ကိုယ်က လူရှေ့မှာ ထွက်ပြီး စကားပြောရတာကို ကြောက်တာလား။ ဒါဆိုရင် ဒီကြောက်စိတ်ကို တွန်းလှန်ပြီး လေ့ကျင့် လုပ်ဆောင် ကြည့်ရပါမယ်။ ဒီလို စိန်ခေါ်မှုတွေကို လုပ်ရဲလာတဲ့အခါ ကျွန်တော်တို့တွေ Comfort Zone ထဲက ထွက်လာနိုင်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ တိုးလာပြီး ကိုယ်တကယ် လုပ်နိုင်တယ်လို့ ယုံကြည်တဲ့စိတ်က တကယ်လက်တွေ့ လုပ်ဆောင်လာနိုင်စေပါတယ်။

Comfort Zone ထဲကနေ ထွက်ပြီး အောင်မြင်မှုတွေ ရယူလိုက်ပါ။ ကျွန်တော်တို့မှာ ပျံသန်းနိုင်တဲ့ စွမ်းအားတွေ ရှိပါတယ်။ ကျွန်တော်တို့တွေ အချိန်အတော်ကြာ ဖက်တွယ်လာတဲ့ အကြောက်တရားဆိုတဲ့ သစ်ကိုင်းကို ခုတ်လိုက်ပြီး လွတ်လပ်စွာ ပျံသန်းလိုက်ကြဖို့ ကြိုးစားလိုက်ကြရအောင်။