Richard Branson သို့မဟုတ် လူထူးလူဆန်း Billionaire ကြီးတစ်ယောက်

Richard Branson ဆိုတဲ့ လူထူးဆန်းကြီးကိုတော့ စာဖတ်သူတို့ အနည်းငယ် စိမ်းနေကြပါမှာ . . .

Virgin Airline, Virgin Media, Virgin Empire & Virgin Atlantic အစရှိတဲ့ စီးပွားရေးလုပ်ငန်းစုတွေနဲ့တော့ ရုပ်ရှင်တွေထဲ၊ ဇာတ်လမ်းတွေထဲမှာ မြင်လေ့ရှိကြမှာပါ . . .

ဒီလို စီးပွားရေးလုပ်ငန်းစုကြီး ကို Richard Banson ဆိုတဲ့ လူထူးဆန်းကြီးတစ်ယောက် ဘယ်လို စွန့်ဦးတီထွင်ပြီး ထူထောင်ခဲ့သလဲ . . .

သူဘယ်လိုကြိုးစားခဲ့လို ယနေ့အခါနာမည်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့ ထူထောင်သူအဖြစ် ရပ်တည်နိုင်ခဲ့သလဲ စသဖြင့် အတုယူနိုင်အောင် Aung Myin ကနေ ဖော်ပြပေးလိုက်ပါတယ်။

Richard ရဲ့ စီးပွားရေးလုပ်ငန်းရှင် အသေးစားလေးတစ်ဖြစ်လဲ ငယ်စဉ်ကလေးဘဝ

ငယ်စဉ်ကတည်းက စီးပွားရေးလုပ်ငန်းရှင် ဖြစ်ဖို့ ဝါသနာပါလာတယ်လို့ ဆိုရမယ် . . .

Richard ဟာ အသက် ၁၁ နှစ်အရွယ်မှာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း တစ်ခု စတင်လုပ်ကိုင်ဖို့ အတွက် ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

ငယ်သူငယ်ချင်း Nik Powell နဲ့ အတူ ဘက်ဂျရီဂါ ငှက်မွေးမြူရေး လုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ပါတယ်။ ငှက်ကလေးတွေ အတွက် လှောင်ချိုင့်လေးတွေကိုတော့ Richard ရဲ့ အဖေက ပြုလုပ် ပေးခဲ့ပါတယ်။ ဘက်ဂျရီဂါ ငှက်ကလေးတွေဟာ ထင်ထားတာထက် မျိုးပွားနှုန်း ပိုမို များပြား မြန်ဆန်တာ ကြောင့် အချိန်ခဏလေး အတွင်းမှာပဲ လူငယ် စွန့်ဦးတီထွင်လေး နှစ်ယောက်ဟာ ငှက်ကလေးတွေကို ပြန်လည် ရောင်းချနိုင်ခဲ့ပါတယ်။

ကျောင်းပိတ်ရက်တွေ ပြီးဆုံးသွားချိန်မှာတော့ Richard နဲ့ Nik အနေနဲ့ မြို့ခံကလေးတွေ ကို ငှက်လေးတွေ အများကြီး ရောင်းချနိုင်ခဲ့ပါတယ်။

Virgin စီးပွားရေး လုပ်ငန်းစု မွေးဖွားခြင်းရဲ့ အစ

Richard ဟာ အထက်တန်းကျောင်းရောက်တော့ သူငယ်ချင်း Jonathan နဲ့အတူ Stowe School မှာပြထမ်းထားတဲ့ အရေးမပါတဲ့ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာနိုင်ခြင်း မရှိတာကြောင့် ကျောင်းကနေ ထွက်ခဲ့ကြပါတယ်။

Richard နဲ့ Johnny တို့ နှစ်ယောက် အနေနဲ့ သူတို့ရဲ့ အတွေးအခေါ်တွေဟာ အလုံးစုံသော အပြောင်းအလဲတွေကို ဖော်ဆောင်နိုင်တယ်လို့ ခံယူထားကြပြီး စီနီယာ ဂျူနီယာ နှိမ့်ချဆက်ဆံမှုတွေ၊ အတင်းအကျပ် ဘုရား ဝတ်ပြုခိုင်းခြင်းတွေ၊ အားကစားပွဲတွေမှာ ပါဝင်ခိုင်းခြင်းတွေ၊ ရိုက်နှက်ဆုံးမမှုတွေ၊ လက်တင်ဘာသာစကားကို လေ့လာခိုင်းတာတွေကို ဆန့်ကျင်မယ်ဆိုရင် မဂ္ဂဇင်း ထုတ်ဝေပြီး ဆန့်ကျင်ခြင်းက အကောင်းဆုံး နည်းလမ်း ဖြစ်မယ်လို့ တွေးမိခဲ့ကြပါတယ်။

ဒါကြောင့် “Student” လို့ အမည်ရတဲ့ မဂ္ဂဇင်းကို စတင် ထုတ်ဝေခဲ့ပြီး မဂ္ဂဇင်းမှာ ရေးသားဖို့ အတွက် စာရေးဆရာတွေ၊ ကြော်ငြာ ထည့်သွင်းဖို့ အတွက် စီးပွားရေး လုပ်ငန်းရှင်တွေကို အလျင်အမြန် ချဉ်းကပ်ခဲ့ပါတယ်။

“Student” မဂ္ဂဇင်းဟာ လူအများ စိတ်ဝင်စားခြင်းကို ခံလာရပေမယ့် အနေနဲ့ အရှုံးပေါ်မှုတွေ နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် Richard ဟာ တစ်မျိုးကြံရပါတော့တယ်။

Richard အနေနဲ့ တေးဂီတဟာ ကျောင်းသားဘဝရဲ့ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခု အဖြစ် ပါဝင် ပတ်သတ်နေတယ် ဆိုတာကို သိရှိလာခဲ့ပြီး နာမည်ကြီး သီချင်း အယ်လ်ဘမ်တွေကို ချိုသာတဲ့ ဈေးနှုန်းနဲ့ ရောင်းချ ပေးနိုင်မယ့် နည်းလမ်းကို တွေးတောမိခဲ့ပါတယ်။

သီချင်းခွေ အရောင်းဆိုင်ကို အစမှာတော့ “Slipped Disc” လို့ အမည်ပေးဖို့ အတွက် စဉ်းစားခဲ့ ကြပေမယ့် မိန်းကလေး သူငယ်ချင်း တစ်ဦးက “Virgin” လို့ အမည်ပေးဖို့ အတွက် အကြံပေးခဲ့ပါတယ်။

ယခုမှ ပထမဆုံး အကြိမ် စတင် လုပ်ကိုင်ကြမှာ ဖြစ်တာကြောင့် Virgin ဆိုတဲ့ အမည်က အတွေ့အကြုံ မရှိသေးတဲ့ သူတို့နဲ့ ပိုမို လိုက်ဖက်တယ်လို့ ခံယူခဲ့ကြပြီး အဲဒီနာမည် ကို အသုံးပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

Student မဂ္ဂဇင်းကတော့ ၁၉၇၀ ခုနှစ်မှာ ရပ်တန့်လို့ သွားခဲ့ပါတယ်။ ဒါပေမယ့် Virgin Mail Order က Student မဂ္ဂဇင်း နေရာမှာ ဝင်ရောက် နေရာယူခဲ့ပြီး ဖောက်သည်သစ် များစွာကို ဖိတ်ခေါ်နိုင်ခဲ့ပါတယ်။

Virgin သီချင်းခွေ အရောင်းဆိုင် ဖြစ်ပေါ်လာခြင်း

၁၉၇၁ ဇန်နဝါရီလမှာ စာတိုက်ကြီး လုပ်သားတွေ ဆန္ဒပြမှု ပေါ်ပေါက် လာခဲ့တာကြောင့် Virgin Mail-Order လုပ်ငန်း ပြိုလဲသွားနိုင်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါကြောင့် အခြေတကျ ဆိုင်ခန်းနဲ့ ဖွင့်လှစ် ရောင်းချဖို့ အတွက် ဆုံးဖြတ်ချက် ချခဲ့ပါတယ်။

သူတို့ ဖွင့်လှစ်မယ့် Virgin သီချင်းခွေ အရောင်းဆိုင်လေးဟာ လူအများစု အတွက် မိတ်ဆွေသစ်တွေ ရှာဖွေနိုင်မယ့် နေရာ၊ သီချင်းခွေလေးတွေ အတူတကွ နားထောင်နိုင်မယ့် နေရာ၊ သူတို့ ဝယ်ယူမယ့် တေးဂီတထဲမှာ စီးမျောနိုင်မယ့် နေရာလေး တစ်ခု အဖြစ် ဖန်တီးဖို့ အတွက် ကြံစည်ခဲ့ကြပါတယ်။

Virgin သီချင်းခွေ အရောင်းဆိုင်လေးကို Oxford လမ်းမထက်က ဖိနပ်ဆိုင်ရဲ့ အပေါ်ထပ်မှာ ဖွင့်လှစ်ခဲ့ပါတယ်။

Richard နဲ့ Nick နှစ်ဦးလုံးဟာ ဆိုင်မှာ လာရောက် ဝယ်ယူအားပေးတဲ့ ဖောက်သည်တွေကို နွေးထွေး ပျူငှာစွာ ဆက်ဆံခဲ့ကြပြီး ဖောက်သည်တွေ ကို သီချင်း နားထောင်ဖို့ အတွက် နားကြပ်တွေ၊ ဂီတ ဂျာနယ်တွေ မေတ္တာလက်ဆောင် အနေနဲ့ ပေးအပ်ခဲ့တဲ့ အပြင် ကော်ဖီ အလကား တိုက်ကျွေးခဲ့ပါတယ်။

ဆက်ဆံရေး ကောင်းမွန်တာကြောင့် လူအများအကြားမှာ Virgin Store ဟာ နာမည်ကောင်းနဲ့ ကျော်ကြား လာခဲ့ပါတယ်။

နာမည်ကြီး သီချင်းခွေ အရောင်းဆိုင်တွေမှာ ဝယ်ယူရတာထက် Virgin Store မှာ ဝယ်ယူရတာ ပိုမို စစ်မှန်တယ်လို့ လူအများ အနေနဲ့ လက်ခံ ယုံကြည်လို့ လာကြပါတယ်။

Manor စတူဒီယို တည်ထောင်ခြင်း

Richard အနေနဲ့ သီချင်းခွေဆိုင်ဖွင့်ရင်း လေ့လာမိတာက သီချင်းခွေတွေကို မြို့တွင်းမှာ ရှိတဲ့ စတူဒီယိုတွေမှာ အသံသွင်းရတာ အရမ်းကြီး ရှေးရိုးဆန်တယ် ဆိုတာကို သိလာခဲ့ပါတယ်။ သီချင်းခွေတွေကို ကျေးလက်ဒေသတွေမှာ အသံသွင်းရတာ အနုပညာရှင်တွေ အတွက်လည်း ပိုပြီး သက်တောင့်သက်သာ ရှိမှာ ဖြစ်သလို စိတ်ဖိစီးမှု ပိုမိုလျော့နည်းစေမှာ ဖြစ်တယ် ဆိုတာကို သိရှိလို့ လာခဲ့ပါတယ်။

ဘဏ်ကနေ ရရှိလာတဲ့ ချေးငွေတွေရယ် မိသားစု စုငွေတွေရယ် ကို အသုံးပြုပြီး Richard တစ်ယောက် Oxford မြို့ မြောက်ဘက် ၅ မိုင် အကွာမှာ တည်ရှိနေတဲ့ Manor အိမ်အိုကြီးကို ဝယ်ယူပြီး စတူဒီယို အဖြစ် ဖွင့်လှစ်ခဲ့ပါတယ်။

Virgin သီချင်းခွေ အရောင်းဆိုင် အနေနဲ့ ကြိုစားဆဲ အနုပညာရှင်တွေ၊ တေးဂီတဝိုင်းတွေ ကို သူတို့ စတူဒီယိုမှာ လာရောက် တီးခတ် အသံသွင်းဖို့ အတွက် ဖိတ်ခေါ်ခဲ့ပါတယ်။

The Virgin Empire & Virgin Atlantic

Richard အနေနဲ့ တေးဂီတနဲ့ ပတ်သတ်တဲ့ စီးပွားရေး လုပ်ငန်းတွေ အပြင် အခြား စီးပွားရေး လုပ်ငန်း များစွာကိုလည်း လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၈၃ ခုနှစ်မှာ ကုမ္ပဏီ ၅၀ ကျော်နဲ့ စုဖွဲ့ထားတဲ့ Virgin စီးပွားရေး လုပ်ငန်းစုကြီးကနေ စုစုပေါင်း အမြတ်ငွေ ဒေါ်လာ ၁၇ သန်း ရရှိခဲ့ပါတယ်။

ဗွီဒီယို ထုတ်လုပ် ဖြန့်ချီရေး လုပ်ငန်း အစ အဲကွန်း သန့်ရှင်းရေး လုပ်ငန်း အဆုံး လုပ်ငန်းပေါင်းများစွာ ကို လုပ်ကိုင်ခဲ့ပါတယ်။

၁၉၈၄ ခုနှစ်မှာတော့ သူ့ဘဝ ကို အကြီးမားဆုံး ပြောင်းလဲ ပေးသွားမှာ ဖြစ်တဲ့ လေကြောင်းလိုင်း လုပ်ငန်းလောကထဲကို ဝင်ရောက်ခဲ့ပါတယ်။

Branded Venture Capital

Branson ကို ယခုလို နာမည်ကျော်ကြားစေတဲ့ နောက်ထပ် အချက်တစ်ချက်ကတော့ “Branded Venture Capital” လို့ အမည်ရပြီး မှတ်သား လေ့လာသင့်တဲ့ စီးပွားရေး နည်းဗျူဟာ တစ်ခုကို တီထွင်ခဲ့တာကြောင့် ဖြစ်ပါတယ်။

“Branded Venture Capital” ဗျူဟာရဲ့ အဓိက သော့ချက်ကတော့ နာမည်ကောင်းရအောင် လုပ်ဆောင်ခြင်းပဲ ဖြစ်ပါတယ်။ နာမည်ကောင်းရနေပြီ ဖြစ်တဲ့ Virgin စီးပွားရေး လုပ်ငန်းစုမှာ ရင်းနှီးမြုပ်နှံချင်တဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ရှိနေပြီ ဖြစ်တာကြောင့် Branson အနေနဲ့ မိမိဝင်ငွေ စိုက်ထုတ်စရာ မလိုပဲ ကုမ္ပဏီပေါင်းများစွာ ကို တည်ထောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၁၉၉၉ ခုနှစ်မှာတော့ Richard Branson အနေနဲ့ သူ့ရဲ့ စွန့်ဦးတီထွင်မှုတွေ အတွက် သူရဲကောင်းဘွဲ့ ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

ဒီလောက်ဆိုရင် Sir Richard Branson ရဲ့ ဘဝဇာတ်ကြောင်းကို လေ့လာခွင့်ရလိုက်တဲ့ အတွက် ပညာတွေ အများကြီး ရပြီး စာရူ့သူတို့ ကျေနပ်နှစ်သိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်တော်တို့ Aung Myin Online Learning Page ကနေ နောက်လည်း အခုလို စွန့်ဦးတီထွင်သူများအတွက် ဗဟုသုတ ရစရာများကို ဆက်လက်ဖော်ပြပေးသွားဦးမလို့ စိတ်ပါဝင်စားရင်တော့ Like လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

အားလုံးပဲ စိန်ခေါ်မှု၊ ပြောင်းလဲမှု အသစ်အသစ်တွေ အတွက် အမြဲအဆင်သင့်ဖြစ်နေပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။

အပြောင်းအလဲတွေကို ရင်ဆိုင်လိုက်ပါ။

“အပြောင်းအလဲ” ဆိုတာက ကျွန်တော်တို့တွေ မလွဲဧကန် ကြုံတွေ့နေရမဲ့အရာ ဖြစ်ပါတယ်။ အဲ့ဒီပြောင်းလဲမှုကို ကြီးထွားဖို့ တိုးတက်ဖို့ဆိုတဲ့ အခွင့်အလမ်းအနေနဲ့ သုံးတာ မသုံးတာကတော့ ကျွန်တော်တို့ အပေါ်မှာပဲ မူတည်ပါလိမ့်မယ်။

ဒေါက်တာ စပန်ဆာ ဂျွန်ဆန် ရေးတဲ့ “ငါ့ဒိန်ခဲဘယ်သူရွေ့ခဲ့တာလဲ” ဆိုတဲ့စာအုပ်ဟာ အပြောင်းအလဲကို ဘယ်လို ကိုင်တွယ်ရင်ဆိုင်ရမလဲဆိုတာကို ဖော်ပြထားတဲ့ အကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်ပါတယ်။ စနစ်ဖ် နဲ့ စကာရီလို့ခေါ်တဲ့ ကြွက်ကလေးနှစ်ကောင်ရယ် ဟမ်နဲ့ ဟော ဆိုတဲ့ လူပုလေးနှစ်ယောက်တို့ဟာ ဝင်္ကပါထဲမှာ သူတို့ အသက်ရှင်နေထိုင်ဖို့ စားသောက်ဖို့လိုအပ်တဲ့ ဒိန်ခဲကို လိုက်လံရှာဖွေစားသောက်နေကြပါတယ်။ ဒီပုံပြင်ကို ကျွန်တော်တို့ဘဝနဲ့ နှိုင်းယှဉ်ကြည့်ရင်တော့ ဒိန်ခဲဆိုတာဟာ ကျွန်တော်တို့ဘဝမှာ ကျွန်တော်တို့ လိုအပ်နေတဲ့ ကျွန်တော်တို့ကိုု ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့ အရာတွေပါပဲ။ ကျန်းမာရေး ၊ ချမ်းသာကြွယ်ဝမှု ၊ အလုပ်အကိုင် ၊ အချစ်ရေး စသည်ဖြင့် အမျိုးမျိူးဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့တွေ ရှာဖွေနေကြတာတွေဟာ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြပါဘူး။ ဝင်္ကပါဆိုတာကတော့ ကျွန်တော်တို့တွေ လိုချင်တာတွေကို လိုက်လံရှာဖွေနေကြတဲ့ နေရာပတ်ဝန်းကျင်ပါ။ ကျွန်တော်တို့ အလုပ်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းဖြစ်နိုင်သလို ကျွန်တော်တို့ ရောက်ရှိနေတဲ့ လူမှုပတ်ဝန်းကျင်လဲ ဖြစ်နိုင်ပါတယ်။ စနစ်ဖ် ၊ စကာရီ ၊ ဟမ်တို့ ဟောတို့တွေ အပြောင်းအလဲနဲ့ ကြုံတွေ့တဲ့အခါ တုံ့ပြန်ပုံတွေဟာ ကျွန်တော်တို့ လူသားတွေ အပြောင်းအလဲကို တုံ့ပြန်ပုံသဘာဝတွေနဲ့ ထင်ဟပ်နေပါတယ်။

ကျွန်တာ်တို့တွေဟာ ဟမ်ဆိုတဲ့လူလေးလို အပြောင်းအလဲကို မကြိုက်ဘဲ မသေချာတဲ့ အနာဂတ်ကို တွေးကြောက်နေပြီး မပြောင်းလဲချင်တဲ့သူလား။ ဟော လို အပြောင်းအလဲဆိုတာကြီးကြောင့် ထိတ်လန့်မှုတွေ ကြုံတွေ့ခဲ့ပြီး နောက်ပိုင်းမှ ဟားတိုက်ပြောင်းလဲမယ့်သူလား။ စနစ်ဖ်လို အပြောင်းအလဲကို အနံ့ခံနိုင်တဲ့သူဖြစ်မလား။ ဒါမှမဟုတ် စကာရီလို အပြောင်းအလဲကို အလျင်အမြန် ချက်ချင်း လက်တွေ့လုပ်ဆောင် ပြောင်းလဲတတ်သူလားဆိုတာ ဆန်းစစ်ကြည့်ရပါလိမ့်မယ်။
အပြောင်းအလဲလုပ်ဖို့ဆိုတာ ကျွန်တော်တို့တွေအတွက် အလွန်ခက်ခဲပါတယ်။ ဘာကြောင့် အပြောင်းအလဲ မပြုလုပ်နိုင်ကြလဲ။ မသေချာမှုတွေကို ကြောက်လို့ပါ။ နေ နေကျအတိုင်း လုပ်နေကျအတိုင်း ပြောနေကျအတိုင်း ဒီအတိုင်း ကျွန်တော်တို့ ပျော်နေကြတယ်။ နေသာသလိုပဲ နေကြတယ်။ အပြောင်းအလဲဆိုတာကို ကြောက်ကြတယ်။ ဒါပေမဲ့ အပြောင်းအလဲဆိုတာဟာ ကျွန်တော်တို့ ဖန်တီးမယူတောင် ကျွန်တော်တို့ဆီကို သေချာပေါက် ရောက်လာတတ်တဲ့အရာပါ။
အပြောင်းအလဲတွေကို ရင်ဆိုင်ဖို့်ဆိုတာ ကျွန်တော်တို့အတွက် ခက်ခဲတဲ့အရာဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ အပြောင်းအလဲတွေပြုလုပ်ဖို့၊ လက်ခံဖို့ လိုအပ်ပါတယ်။ ဘာကြောင့်ပါလဲ။

၁ ။ လူတိုင်း လူတိုင်း အရာတိုင်း အရာတိုင်းဟာ ပြောင်းလဲနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေလည်း အပြောင်းအလဲကို လက်ခံရင်ဆိုင်ရပါမယ်။

၂။ အပြောင်းအလဲတွေက ကျွန်တော်တို့ရဲ့ တိုးတက်မှုအတွက် အလွန်ကောင်းပါတယ်။

၃ ။ ဘဝမှာ အောင်မြင်ဖို့အတွက် အတွေးအခေါ် အကြံအစည်ဟောင်းတွေကို စွန့်လွှတ်ပြီး အသစ်အသစ်တွေကို လက်ခံကျင့်သုံးရပါမယ်။

၄ ။ ပြောင်းလဲမှု လုပ်ရင်တော့ ပိုမိုကောင်းမွန်တဲ့ အရာတွေက စောင့်နေပါလိမ့်မယ်။

အပြောင်းအလဲဆိုတာဟာ ကျွန်တော်တို့ဘဝမှာ အမြဲကြုံတွေ့နေရမယ့် အရာတစ်ခုဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဒါကို ဘယ်လို ရင်ဆိုင်ကြမလဲ။

၁။ အပြောင်းအလဲကို လေ့လာစောင့်ကြည့်မှတ်သားနေရပါမယ်။
ကိုယ့်ရဲ့ ဒိန်ခဲကို အမြဲအနံ့ခံနေပါ။ ဒါမှသာ ဒိန်ခဲက ပုပ်သိုးတော့မလားဆိုတာ သိနိုင်ပါလိမ့်မယ်။ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်နေလဲ သိရအောင် ကိုယ့်ပတ်ဝန်းကျင်ကို အမြဲသတိထား နေရပါမယ်။ ကျွန်တော်တို့တွေဟာ ကိုယ့်ရဲ့ comfort zone မှာပဲ နေတတ်ကြပြီး ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ ပြောင်းလဲမှုအရိပ်အရောင်လေးတွေကို သတိမထားမိကြပါဘူး။ လောကမှာ မပြောင်းလဲတဲ့အရာဆိုတာ ပြောင်းလဲခြင်းပဲ ရှိတာပါ။ ဒါကြောင့် ကိုယ့်ဘဝမှာ ကိုယ်ရောက်နေတဲ့ နေရာလေးမှာပဲ သက်တောင့်သက်သာ မေ့မေ့လျော့လျော့မနေသင့်ဘဲ အပြောင်းအလဲတွေကို အမြဲသတိထားနေရပါမယ်။

၂။ ကြောက်ရွံ့မှုတွေကို ရပ်တန့်ပြီး ပြောင်းလဲရပါလိမ့်မယ်။
ကျွန်တော်တို့တွေအားလုံး ပြောင်းလဲမှုတွေကို ကြုံတွေ့နေရမှာပါ။ အဲ့လိုကြုံတွေ့လာတဲ့အခါ ကျွန်တော်တို့တွေ လက်မခံချင်ကြပါဘူး။ မပြောင်းလဲချင်ကြပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ဟာ ပြောင်းလဲလိုက်လို့ ဖြစ်လာမယ့်အရာတွေကို ကြောက်နေကြလို့ပါ။ အခု ရှိနေကြတဲ့ အနေအထားထက် ပိုဆိုးလာမှာကို ကြောက်နေကြပါတယ်။ တကယ်ကတော့ ကျွန်တော်တို့ ကြောက်ရွံ့နေတဲ့အရာက ကျွန်တော်တို့ ထင်သလောက် ကြောက်စရာမကောင်းပါဘူး။ စိတ်ထဲမှာ ခွင့်ပြုထားတဲ့ ကြောက်စိတ်ဆိုတဲ့အရာကတောင် လက်တွေ့အပြင်မှာဖြစ်နေတဲ့ အခြေအနေထက် ပိုပြီးကြောက်စရာကောင်းနေပါသေးတယ်။ ဒါကြောင့် ဒီကြောက်ရွံ့မှုကို ကျော်လွန်နိုင်ပြီး စတင်ပြောင်းလဲနိုင်မှသာ ပိုမိုကောင်းမွန်တဲ့အရာတွေကို ပိုင်ဆိုင်နိုင်မှာပါ။ ကျွန်တော်တို့တွေ ဘဝမှာ စွန့်စားလုပ်ဆောင်သင့်တဲ့အခါ စွန့်စားရမှာပါ။ ကြောက်ရွံ့မနေသင့်ပါဘူး။

၃။ အပြောင်းအလဲကို မြန်မြန်လုပ်နိုင်ရပါမယ်။
ဒိန်ခဲအဟောင်းတွေကို မြန်မြန်စွန့်ပစ်နိုင်လေလေ ဒိန်ခဲအသစ်တွေကို မြန်မြန်ခံစားနိုင်လေလေပါပဲ။ ကျွန်တော်တို့ ဘဝမှာ အပြောင်းအလဲတွေ ဖြစ်လာတဲ့အခါ လက်လွှတ်သင့်တဲ့အရင်ကအရာတွေကို လက်လွှတ်ရပါလိမ့်မယ်။ အတိတ်ကို ဆုပ်ကိုင်ထားပြီး မပြောင်းလဲနိုင်တာဟာ ကိုယ့်ရဲ့ အချိန်တွေ အားအင်တွေကို ဖြုန်းတီးနေတာနဲ့ အတူတူပါပဲ။ ကျွန်တော်တို့တွေ ဘဝရဲ့ တန်ဖိုးရှိလှတဲ့ အချိန်တွေ အားအင်တွေကို ဖြစ်လာတဲ့ အပြောင်းအလဲတွေကို လက်ခံပြောင်းလဲနိုင်ဖို့ ကြိုးစားတဲ့နေရာမှာ အသုံးပြုရပါမယ်။ အပြောင်းအလဲဆိုတဲ့အရာကို ကိုယ့်အတွက် တိုးတတ်ဖို့ ကြီးထွားဖို့အတွက် အခွင့်အရေးတစ်ခုလို့မြင်ပြီး မြန်မြန်ပြောင်းလဲနိုင်ရင် ဒိန်ခဲအသစ်တွေက စောင့်ကြိုနေမှာ အသေအချာပါပဲ။
ဒါကြောင့် အပြောင်းအလဲကို ပွေ့ဖက်ပြီး ခံစားလိုက်ပါ။

ဒီလို ဗဟုသုတရတဲ့ စာတွေကို ဖတ်ရှုချင်တယ်ဆိုရင်တော့ ဒီ Page လေးကို Like and see first လုပ်ထားနိုင်ပါတယ်။

ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာ “Vera Wang”

“ရှုံးနိမ့်မှာ မကြောက်ပါနဲ့။ ကျွန်မကတော့ မကြိုးစားတာဟာ ရှုံးနိမ့်တာထက်ပိုဆိုးတယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဘယ်လိုပဲဖြစ်ဖြစ် သတ္တိမွေးပြီး ကြိုးစားကြည့်လိုက်ပါ။” လို့ ကမ္ဘာကျော်ဒီဇိုင်နာ ဗီရာဝမ်က ပြောခဲ့ပါတယ်။

ဒီနေ့ခေတ်မှာ ဗီရာဝမ်ဆိုတာနဲ့ မင်္ဂလာဝတ်စုံလှလှလေးတွေကို မြင်ယောင်ကြမှာပါ။ အဲ့ဒီဝတ်စုံလေးတွေရဲ့ ဖန်တီးရှင်ဖြစ်တဲ့ ကမ္ဘာကျော်ဒီဇိုင်နာ ဗီရာဝမ်ဟာ အခက်အခဲများစွာနဲ့ အနိမ့်အမြင့် အတက်အကျတွေကို ဖြတ်သန်းခဲ့ပြီးမှ အခုလို အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ သူမဟာ ၁၉၆၈မှာ အမေရိကန် အိုလံပစ်လက်ရွေးစင် စကိတ်အလှစီးအသင်းဝင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

“ကျွန်မ ဘယ်လိုပဲ သေလောက်အောင် ကြိုးစားနေနေ လိုချင်တဲ့ ပန်းတိုင်ကို ဘယ်တော့မှမရောက်ဘူး။ အသက်နှစ်ဆယ်ကလည်း ပြည့်တော့မယ်။ ဒီထက်လည်းကောင်းလာနိုင်စရာမရှိတော့တဲ့ အခါမှာတော့ ကျွန်မ အမှန်တရားကို ခါးခါးသီးသီးပဲ လက်ခံလိုက်ရတယ်။ ကျွန်မ အိုလံပစ်လက်ရွေးစင်မဖြစ်နိုင်တော့ဘူး။ နောက်တက်လာတဲ့ လူငယ်စကိတ်သမားတွေကလည်း ရှိလာပြီ။ ဒါနဲ့ပဲ ကျွန်မ တခြားရည်မှန်းချက်တစ်ခုကို ရယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။”ဒါကြောင့် နောက်ပိုင်းမှာ ကမ္ဘာကျော် ဖက်ရှင် မဂ္ဂဇင်းဖြစ်တဲ့ Vogue မဂ္ဂဇင်းမှာ အယ်ဒီတာဝင်လုပ်ခဲ့ပြီးတော့ လူတွေလေးစားကြတဲ့ အယ်ဒီတာ တစ်ဦးအဖြစ် သူမရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၇နှစ်ကြာတဲ့အခါ စကိတ်စီးစဉ်တုန်းကလို အခက်အခဲမျိုးနဲ့ပဲ တဖန်ပြန်ကြုံခဲ့ရပြန်ပါတယ်။

“ကျွန်မ Vogue မှာ ၁၇နှစ်လောက်နေပြီးတော့ ဒီမှာ ကျွန်မဘဝအတွက် နောက်ထပ်တက်လမ်းမရှိတော့ဘူး ဆိုတာ သိလာပါတယ်။ အယ်ဒီတာချုပ်အဖြစ် ရွေးချယ်ခံထားရသူစာရင်းမှာ ကျွန်မ မပါဝင်ခဲ့ပါဘူး။ ကျွန်မ ဒီလောက်နဲ့တော့ ဘဝကို မကျေနပ်နိုင်ဘူးလို့ တွေးမိသွားတယ်။ ဒါနဲ့ပဲ ကျွန်မ အလုပ်ထွက်ခဲ့တယ်။”
ဝမ်ကတော့ ရှုံးနိမ့်မှုဆိုတာ လက်ခံလို့ရတဲ့ အရာဖြစ်ပြီး တစ်ခါတစ်ရံ လက်ရှိအလုပ်ကို စွန့်ပြီး လမ်းသစ်ကိုလျှောက်လိုက်တာ ပိုကောင်းတယ် လို့ ယုံကြည်ပါတယ်။ ထို့နောက်မှာတော့ သူမဟာ မင်္ဂလာဝတ်စုံဒီဇိုင်းတွေကို စတင်ရေးဆွဲခဲ့ပြီး ယခုအခါမှာတော့ ဒီလုပ်ငန်းဟာ ဒေါ်လာသန်းထောင်ချီတဲ့ လုပ်ငန်းကြီး ဖြစ်လာခဲ့ပါပြီ။ “အတော်ခက်ခဲခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် ခုလို ပျော်ရွှင်အောင်မြင်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှင် ဒီဇိုင်နာဘဝကို ရလာတာ ဒါကြောင့်ပါ”လို့ ဝမ်က ပြောဆိုခဲ့ပါတယ်။

** ကြီးမားတဲ့အောင်မြင်မှုတွေဆိုတာ ထိုက်တန်တဲ့ပေးဆပ်မှုတွေကို ပြုလုပ်ပြီးမှ ရရှိနိုင်တာမျိုးပါ။ ဒါကြောင့် စိန်ခေါ်မှုတွေကြုံလာရတိုင်း ဒီလို အားကျလေးစားစရာဇာတ်လမ်းတွေကို သတိရပါ။ ကိုယ့်အတွက် တစ်ခုခုအင်အားဖြစ်စေတယ်ဆိုရင်တော့ သူငယ်ချင်းတွေကို မျှဝေလိုက်ပါ။

ဟယ်ရီပေါ်တာ စာအုပ်ရဲ့ဖန်တီးရှင်အဖြစ် အများကသိကြတဲ့ ဂျေကေရိုးလင်း

“ကမ္ဘာကြီးကို ပြောင်းလဲနိုင်ဖို့ မှော်ပညာတွေ မလိုအပ်ပါဘူး။ ကိုယ့်ရဲ့ စိတ်ကူးစိတ်သန်းတွေကို အကောင်းအထည်ပေါ်လာဖို့၊ အလျှော့မပေးစတမ်း ကြိုးစားနေဖို့သာ လိုတာပါ” လို့ပြောခဲ့သူကတော့ ဟယ်ရီပေါ်တာ စာအုပ်ရဲ့ဖန်တီးရှင်အဖြစ် အများကသိကြတဲ့ ဂျေကေရိုးလင်းဖြစ်ပါတယ်။
ဒါပေမယ့် လူအများ မသိတာကတော့ မအောင်မြင်သေးခင်အချိန်တွေတုန်းက သူမရဲ့ဘဝကို ဘယ်လောက် ပင်ပန်းဆင်းရဲစွာ ရုန်းကန်ခဲ့ရတယ် ဆိုတာပါပဲ။ ၁၉၉၀ ခုနှစ်မှာ ရိုးလင်းဟာ ဟယ်ရီပေါ်တာစာအုပ်အတွက် စိတ်ကူးကို မန်ချက်စတာမြို့ကနေ လန်ဒန်ကို ရထားစီးရင်း ရခဲ့ပါတယ်။ အဲ့ဒီစိတ်ကူးတွေကို ဂျေကေရိုးလင်းက ဝတ္ထုအဖြစ် ကြိုးစားပြီး စတင်ရေးပါတော့တယ်။ ဒါပေမယ့် အဲဒီနှစ်မှာပဲ သူမအမေကွယ်လွန်သွားခဲ့တာကြောင့် သူမလည်း စိတ်ကျရောဂါရခဲ့ပါတယ်။
၁၉၉၂ ခုနှစ်မှာတော့ သူမဟာ အီတလီနိုင်ငံကို အင်္ဂလိပ်စာသင်ဆရာမလုပ်ဖို့ ပြောင်းရွေ့ခဲ့ပြီးတော့၊ အဲဒီမှာ အမျိုးသားတစ်ယောက်နဲ့ တွေ့ကာ လက်ထပ်ဖြစ်ခဲ့ပါတယ်။ သမီးလေးတစ်ယောက်လည်း ရခဲ့ပါတယ်။ ဒါပေမယ့် အဆင်မပြေတဲ့ အိမ်ထောင်ရေးကြောင့် ၁၉၉၃ ခုနှစ်မှာပဲ သူတို့ ကွာရှင်းပြတ်စဲခဲ့ကြပြီး ရိုးလင်းဟာ သူ့အစ်မ ရှိရာ စကော့တလန်က အီဒင်ဘာရာမြို့ကို ပြန်ပြောင်းလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ သူမလက်ထဲမှာ ဟယ်ရီပေါ်တာစာအုပ်အတွက် ရေးပြီးသား အခန်း (၃) ခန်းပဲ ရှိပါတယ်။ ရိုးလင်းဟာ အဲ့ဒီအချိန်တုန်းကတော့ သူ့ကိုယ်သူ အရှုံးသမားလို့ပဲ မြင်နေခဲ့ပါတယ်။ အလုပ်မရှိ၊ အိမ်ထောင်ပျက်၊ လူမမယ် ကလေးတစ်ယောက်နဲ့ ငွေကြေးကျပ်တည်းနေတဲ့အခြေအနေမှာ စိတ်ကျရောဂါရလာတဲ့အတွက် အစိုးရကပေးတဲ့ ချို့တဲ့နွမ်းပါးသူများအတွက် ထောက်ပံ့ကြေးကို မှီခိုရင်းနဲ့ နေ့စဉ်ဘဝကိုဖြတ်သန်းခဲ့ရပါတယ်။ ဒါဟာ သူမဘဝရဲ့ အခက်ခဲဆုံး အချိန်ဖြစ်ပေမယ့် ဒီအရှုံးနွံထဲကနေ ကြိုးစားရုန်းထွက်နိုင်ဖို့ အားတင်းပြီးကြိုးစားရင်းနဲ့ ခေတ်ဟောင်းလက်နှိပ်စက်တစ်လုံးကို အသုံးပြုပြီးတော့ ဟယ်ရီပေါ်တာဝတ္ထုကို ပြီးအောင်ရေးသားခဲ့ပါတယ်။
၁၉၉၅ ခုနှစ်မှာ ထုတ်ဝေသူ (၁၂) ယောက်တိတိက ဟယ်ရီပေါ်တာဝတ္ထုကို ပယ်ချခဲ့ကြပါတယ်။ ဒါပေမယ့် တစ်နှစ်အကြာမှာတော့ ဘလွန်းဘူရီ လို့ ခေါ်တဲ့ စာအုပ်တိုက်သေးသေးလေးကနေ လက်ခံခဲ့ပြီး ထုတ်ဝေဖြန့်ချီပေး ခဲ့ပါတယ်။ ဒီအတွက်ရိုးလင်းဟာ ကြိုတင်ငွေအဖြစ် မဖြစ်စလောက် ပေါင် ၁၅၀၀ သာ ရရှိခဲ့ပါတယ်။ စတင်ဖြန့်ချီချိန် ၁၉၉၇ ခုနှစ်မှာ ဟယ်ရီပေါ်တာစာအုပ်ကို အုပ်ရေတစ်ထောင်ပဲ ရိုက်နှိပ်ခဲ့ရပြီး၊ အဲဒီထဲက ၅၀၀ အုပ်ဟာ စာကြည့်တိုက်တွေကို လှူလိုက်ရပါတယ်။ ဒါပေမယ့် ရိုးလင်းရဲ့ ဇွဲလုံ့လနဲ့ကြိုးစားခဲ့တာတွေက မကြာခင်မှာပဲ အသိအမှတ်ပြုခံရပါတော့တယ်။ ၁၉၉၇ နဲ့ ၁၉၉၈ ခုနှစ်မှာ ဒီစာအုပ်ဟာ Nestle Smarties စာအုပ်ဆု နဲ့ အဲဒီနှစ်အတွက် ဗြိတိန်နိုင်ငံရဲ့ အကောင်းဆုံး ကလေးစာပေဆုကို ရခဲ့ပါတော့တယ်။
ဒီနေ့အချိန်မှာတော့ ရိုးလင်းရဲ့ စာအုပ်တွေဟာ အုပ်ရေပေါင်း သန်းလေးရာကျော် ရောင်းချခဲ့ရပြီ ဖြစ်ပြီး၊ သူမကို အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး အမျိုးသမီး စာရေးဆရာအဖြစ် အသိအမှတ်ပြုထားကြပြီဖြစ်ပါတယ်။ တချိန်က စိတ်ဓာတ်ကျဆင်းနေချိန်တွေကိုသာ ရိုးလင်းက ကြံ့ကြံ့မခံနိုင်ခဲ့ရင်၊ ဟယ်ရီပေါ်တာဆိုတာလဲ ဖြစ်ပေါ်လာခဲ့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဘဝမှာ ဘယ်လောက်ဆိုးရွားခက်ခဲတာတွေကိုကြုံရပါစေ၊ ကိုယ့်ရဲ့စိတ်ကူးအိမ်မက်တွေကို မစွန့်လွှတ်ပဲ ဆက်လက်ကြိုးစားနေဖို့ ဂျေကေရိုးလင်းက သက်သေပြထားပါတယ်။

Just do it! လုပ်သာလုပ်လိုက်ပါ။

ခုချိန်မှာ ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခုလည်းဖြစ် ပစ္စည်းအမျိုးအစားပေါင်းများစွာ ထုတ်လုပ်ပြီး အရမ်းအောင်မြင်နေတဲ့ Nike ဟာ ဟိုးအရင်တစ်ချိန်က သူ့ရဲ့ ပစ္စည်းတော်တော်များများကို မာရသွန်အပြေးသမားတွေအတွက် ဦးတည်ထုတ်လုပ်ခဲ့တာပါ။

၁၉၈၀ နောက်ပိုင်းနှစ်တွေမှာ သူတို့ရဲ့ ပြိုင်ဖက် Reebok က သူတို့ထက် ရောင်းအား အများကြီး ကောင်းနေပါတယ်။ လူတွေကြားမှာ အားကစားဆိုတာ ရေပန်းစားလာပေမယ့် Nike ရဲ့ ရောင်းအားက သိသိသာသာ တက်မလာပါဘူး။ နောက်ပိုင်း ကျန်းမာကြံ့ခိုင်ရေးတွေ အားကစားတွေဟာ လူတွေကြားမှာ ပိုပြီး ခေတ်စားလာတဲ့အခါမှာတော့ သူ့ရဲ့အရောင်းပိုင်းအဖွဲ့သားတွေက သူတို့ရဲ့ရောင်းအား တိုးတက်ဖို့ တစ်ခုခုလုပ်ဖို့ လိုနေပြီဆိုတာသိလာပါတယ်။ Nike က အောင်မြင်တဲ့ လုပ်ဆောင်ချက်စီမံကိန်းမျိုးဖြစ်ဖို့ ဘယ်လို ဖန်တီးရမလဲ၊ ကိုယ့်ရဲ့လုပ်ငန်း၊ ကုန်ပစ္စည်းတွေက ဘယ်လို ပြဿနာတွေကို ဖြေရှင်းပေးနိုင်မလဲဆိုတာ အမြဲစဉ်းစားနေခဲ့ပါတယ်။ သူ့တို့ ပြိုင်ဖက်က သူတို့ထက် ပိုပြီး ရောင်းအားကောင်းနေတဲ့ အချိန်မှာ သူတို့ ဘာတွေလိုအပ်နေသလဲ ပြဿနာက ဘာလဲဆိုတာကို သေချာလေ့လာသုံးသပ်ပါတယ်။ အရေးအကြီးဆုံးအချက်ဖြစ်တဲ့ ပြဿနာက ဘာလဲဆိုတာ အရင်ရှာတာပါ။ ပြဿနာဘာလဲဆိုတာ မသိရင်တော့ အဖြေမှန်လည်း ရမှာ မဟုတ်ပါဘူး။

သူတို့ရဲ့ ကြော်ငြာ အေဂျင်စီက ဝယ်သူတွေနဲ့ ဆက်သွယ်တဲ့နေရာမှာ ထိရောက်တဲ့ နည်းလမ်းမဟုတ်ဘူး လို့ သိခဲ့တော့ အဲ့ဒါနဲ့ ပတ်သက်ပြီး သုတေသနတွေ ပြုလုပ်ပါတယ်။ အားကစားက လူတွေ တစ်ယောက်ချင်းစီရဲ့ ဘဝမှာ ဘယ်လိုပါဝင်သလဲ၊ လူတွေ ဘာလို့ အားကစားမှာ ပါဝင်ကစားကြလဲ၊ အမှတ်တံဆိပ်တွေကို လူတွေ ဘယ်လိုမြင်လဲ၊ ကြော်ငြာတွေကိုဘယ်လိုမြင်လဲ၊ ဘယ်လိုဘာသာစကားတွေ ပုံတွေကို သုံးရင် ပိုနှစ်သက်လဲ၊ ဝယ်ယူတဲ့အခါမှာ ဘယ်လို တန်ဖိုးတွေကို ရဖို့ မျှော်လင့်ကြသလဲ စတဲ့ မေးခွန်းတွေကို အဖြေရှာပြီးမှ လုပ်ဆောင်ချက်တွေ စီစဉ်ခဲ့ပါတယ်။

Nike ဟာ Just do it ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ဆောင်ချက်အစီအစဉ်တစ်ခုကို စတင်ခဲ့ပါတယ်။ ဒီ Just do it ဆိုတာကို Wieden+Kennedy ဆိုတဲ့ ကြော်ငြာအေဂျင်စီ က Nike အတွက် ပြုလုပ်ပေးခဲ့တာပါ။ အရမ်း အောင်မြင်တဲ့ စီမံကိန်း တစ်ခုဖြစ်ပါတယ်။ ဒီ စီမံချက်ကို လုပ်ဆောင်ပြီးတဲ့နောက်မှာတော့ Nike ရဲ့ ရောင်းအားဟာ သိသိသာသာ တိုးတက်လာပါတယ်။ ဒီ လုပ်ဆောင်ချက်ဟာ Nike ရဲ့ ပုံရိပ်ကို ဆန်းသစ်တီထွင်မှုရှိတဲ့ ပုံစံဖြစ်စေပြီး အမေရိကန်ရဲ့ အမွှန်းတင်ခံရတဲ့ အမှတ်တံဆိပ် အနေနဲ့ ဖြစ်အောင် ပြုလုပ်ပေးပါတယ်။

Just do it ဆိုတာလေးက တိုတိုလေးပါ။ ပြီးတော့ အဲ့ဒီစကားလုံးတွေက ချိုသာပါတယ်။ တက်ကြွမှုကို ဖြစ်စေပါတယ်။ ဒီ Just Do it ဆိုတာလေးမှာ စကားလုံး သုံးလုံးထက်ပိုတဲ့ ခံစားချက်တွေ ပါဝင်ပါတယ်။ လူတိုင်း ဒီအရာကို ဆက်စပ်ကြည့်လို့ရပါတယ်။ Just do it ဆိုတာလေးက ကျွန်တော်တို့အားလုံး ခံစားချက်တွေနဲ့ ဆက်စပ်လို့ရပါတယ်။

ဥပမာ – ငါးမိုင်လောက် ပြေးချင်စိတ်မရှိဘူးလား?
Just do it! လုပ်သာလုပ်လိုက်ပါ။
ဒါကို မလုပ်နိုင်ဘူးလို့ တွေးတောမိပါသလား?
Just do it!! လုပ်သာလုပ်လိုက်ပါ။
ဒီစကားလုံးတွေက ကျွန်တော်တို့ကို ကိုယ့်ရဲ့အကန့်အသတ်တွေကနေ ကျော်ပြီး လုပ်လိုက်ပါဆိုတဲ့ ခံစားချက်တွေ ပေးပါတယ်။

Nike က သူ့ရဲ့ ပစ္စည်းကို ရောင်းတာထက်စာရင် လူတွေရဲ့ ပြင်းပြတဲ့ဆန္ဒ ရည်မှန်းချက် စိတ်ခံစားချက်ကို ရောင်းနေတာပါ။ Nike ရဲ့ ကြော်ငြာတွေဟာ သူ့ရဲ့ ပစ္စည်းဘယ်လောက်ကောင်းလဲဆိုတာကို ဖော်ပြနေတာမဟုတ်ပါဘူး။ စိတ်ခံစားမှုနဲ့ဆိုင်တဲ့ပုံရိပ်ကို သုံးပြီး လူတွေရဲ့ စိတ်ခံစားချက်ကနေ သူတို့ရဲ့ကုန်ပစ္စည်းကို ဆက်သွယ်ပါတယ်။ သူ့ရဲ့ ကြော်ငြာတစ်ခုစီဟာ လူတွေရဲ့ ထူးခြားတဲ့ ခံစားချက် လိုအပ်ချက်တွေကို Nike ရဲ့ ပစ္စည်း တွေကပဲ ဖြည့်ဆည်းပေးနိုင်မယ်၊ စိတ်ကျေနပ်မှုပေးနိုင်မယ်၊ ဒီလိုမျိုးဖြစ်အောင် ဖန်တီးပါတယ်။ မလုပ်နိုင်ဘူးဆိုတဲ့အရာတွေကို Just do it, လုပ်သာလုပ်လိုက်ပါ ဆိုပြီး လူတွေကို စိတ်ခွန်အားတက်ကြွအောင် လုပ်ပေးပါတယ်။ အောင်မြင်တဲ့ ကစားသမားတွေ နယ်ပယ်အမျိုးမျိုးက အောင်မြင်ကျော်ကြားတဲ့သူတွေကို သုံးပြီး အဓိပ္ပာယ်ရှိတဲ့ စိတ်ခွန်အား ဖြစ်စေမယ့် ရလဒ်တွေ အတွက် ကြော်ငြာပုံရိပ်တွေ ဖန်တီးပါတယ်။ လူတွေရဲ့ စိတ်ခံစားချက်ကို တိုက်ရိုက် ဆက်သွယ်နိုင်တဲ့ အရာနဲ့ သူတို့ရဲ့အမှတ်တံဆိပ်ကို ပုံဖော်ပါတယ်။

Nike ဟာ JDI campaign ကို ၁၉၈၈ ခုနှစ်နှောင်းပိုင်းမှာ စတင်ခဲ့ပါတယ်။ နှစ်စဉ် ရောင်းရနှုန်းဟာ $1.2 billion (အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံ)အထိ တက်လာခဲ့ပါတယ်။ အရင်နှစ်ကထက် ၂၇ ရာခိုင်နှုန်းထိ တက်လာခဲ့တာပါ။ Nike ဟာ အခုအချိန်ထိ Just Do It စီမံချက်ကို လုပ်ဆောင်နေဆဲပါပဲ။

** ကြီးမားတဲ့အောင်မြင်မှုတွေဆိုတာ ထိုက်တန်တဲ့ကြိုးစားမှုတွေကို ပြုလုပ်ပြီးမှ ရရှိနိုင်တာမျိုးပါ။ ဒါကြောင့် စိန်ခေါ်မှုတွေကြုံလာရတိုင်း ဒီလို အမြဲမပြတ်ကြိုးစားပြီး အောင်မြင်လာတဲ့အကြောင်းအရာတွေကို သတိရပါ။ ကိုယ့်အတွက် တစ်ခုခုအင်အားဖြစ်စေတယ်ဆိုရင်တော့ သူငယ်ချင်းတွေကို မျှဝေလိုက်ပါ။

Dyson ဖုန်စုပ်စက်ကို တီထွင်ခဲ့သူ “Sir James Dyson”

မှားယွင်းမှု အကြိမ်ပေါင်း ငါးထောင့်တစ်ရာနှစ်ဆယ့်ခြောက်ကြိမ် မှားယွင်းပြီးတဲ့နောက်မှာတော့ “ဘယ်တော့မှ ဖုန်စုပ်အားကျမသွားတဲ့ ဖုန်စုပ်စက်” အဖြစ် ကမ္ဘာကျော်တဲ့ ဒိုင်ဆန်ဖုန်စုပ်စက် ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။

ဒီစက်ကို တီထွင်ခဲ့သူဖြစ်တဲ့ အသက်သုံးဆယ်အရွယ် “ဒိုင်ဆန်” ဟာ သူရဲ့အိမ်မှာ ဖုန်စုပ်စက်တစ်လုံး နဲ့ ဖုန်စုပ်နေရင်း ဖုန်စုပ်အား မကြာခဏ လွတ်လွတ်သွားတဲ့အခါ ဒေါပွရာက ဖုန်စုပ်အားအထူးကောင်းမွန်တဲ့ စက်အမျိုးအစားတစ်ခုကို တီထွင်ဖို့ စိတ်ကူးကို ရခဲ့တာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ စိတ်ကူးကတော့ ဆိုင်ကလုံးမုန်တိုင်းလိုအားမျိုးနဲ့ မွှေ့ရမ်းကာ ဖုန်တွေအမှိုက်တွေကို စုပုံခွဲထုတ်တဲ့သဘောတရားကို အခြေခံပြီး ကမ္ဘာ့ပထမဆုံး အမှိုက်အိတ် မလိုတဲ့ ဖုန်စုပ်စက်ကို တီထွင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီစိတ်ကူးကို တကယ့် အကောင်အထည် ဖော်ချိန်မှာတော့ စက်မှုနည်းပညာပိုင်းဆိုင်ရာ အခက်အခဲများစွာကို ရင်ဆိုင်ရပါတော့တယ်။ အချိန်ကာလ ၅ နှစ်ကျော်အတွင်းမှာ နမူနာထုတ်လုပ်မှုအကြိမ်ပေါင်း ၅ ထောင်ကျော်ကို စမ်းသပ်ထုတ်လုပ်ပြီးချိန်အထိ ဒိုင်ဆန် ဟာ သူရဲ့စိတ်ကူးကို အကောင်အထည် ဖော်နိုင်ခြင်း မရှိခဲ့သေးတဲ့အတွက် သူ့မိန်းမရဲ့ လစာက ရရှိတဲ့ ငွေကြေးပံ့ပိုးမှုကိုပါ ရယူခဲ့ရပါတယ်။ဒါပေမယ့် ဇွဲမလျော့ဘဲ ဆက်လက် ကြိုးစားခဲ့တာကြောင့် အကြိမ်ပေါင်း ငါးထောင့်တစ်ရာနှစ်ဆယ့်ခုနှစ်ကြိမ်မြောက်မှာတော့ သူရဲ့စိတ်ကူးဟာ အကောင်အထည်ပေါ်လာခဲ့ပါတယ်။ အဲ့ဒီလို အောင်မြင်လာခဲ့ပေမယ့်လည်း အင်္ဂလန်နိုင်ငံမှာ ဒီလိုစက်အထူးအဆန်းကို ရောင်းပေးချင်တဲ့သူ မရှိခဲ့ပါဘူး။ အားလုံးက သမားရိုးကျစက်တွေကိုသာ သုံးချင်နေခဲ့ကြပါတယ်။

ဒါကြောင့် ၁၉၈၃ မှာ ဒိုင်ဆန်ဟာ ပန်းရောင်တောက်တောက်စက်ဒီဇိုင်းနဲ့ ဂျပန်ဈေးကွက်ကို စဖောက်ခဲ့ပါတယ်။ ဒီစက်ဟာ ဂျပန်နိုင်ငံမှာ စက်မှုထူးချွန်ဆုရခဲ့ပြီးတော့၊ နောက် သုံးနှစ်အကြာ ၁၉၈၆ မှာတော့ သူဟာ အဲ့ဒီဖုန်စုပ်စက်အတွက် အမေရိကန်နိုင်ငံမှ မူပိုင်ခွင့်ကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဖြန့်ချီရောင်းချသူတွေဟာ အဲ့ဒီစက်ကို ဆိုင်တွေမှာ တင်မရောင်းချင်ခဲ့ကြတာကြောင့် အသက်လေးဆယ်အရွယ်ရှိပြီဖြစ်တဲ့ ဒိုင်ဆန်ဟာ ကိုယ်ပိုင် ကုမ္ပဏီကို တည်ထောင်ပြီး ဈေးကွက်ထဲကို ဖြန့်ချီရောင်းချခဲ့ရပါတယ်။ ဒီနေ့ခေတ်မှာတော့ သူ့ရဲ့လက်မလျှော့တတ်တဲ့ စိတ်ဓါတ်ဟာ ဒိုင်ဆန်ရဲ့ ကုမ္ပဏီကို ပေါင်သန်းပေါင်းများစွာ တန်ကြေးရှိစေခဲ့ပြီပဲ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒိုင်ဆန်ဟာ သူရဲ့တီထွင်မှုတွေအတွက် တော်ဝင်မိသားစုက ပေးအပ်တဲ့ ဂုဏ်ပြုဆု အပါအဝင် အင်္ဂလန်နိုင်ငံက ပေးအပ်တဲ့ ဆုပေါင်းများစွာကို ရရှိခဲ့ပါတယ်။ အကြိမ်ပေါင်းများစွာ ဆုံးရှုံးမှုတွေ၊ စိတ်ပျက်အားငယ်စရာတွေကို ဖြတ်ကျော်ကာ ဇွဲရှိနိုင်ခဲ့ခြင်းရဲ့ အသီးအပွင့်တွေပဲ ဖြစ်ပါတယ်။

ထက်မြက်တဲ့ အရည်အချင်းရှိတဲ့သူတွေဟာလည်း အလွယ်တကူ အောင်မြင်တာ မဟုတ်ဘဲ ရှုံးနိမ့်ဖူးပြီးမှသာ အောင်မြင်လာတာ ဖြစ်ပါတယ်။ ဒီလိုလူတိုင်းဟာ အလွန်တရာကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒါပေမဲ့ သူတို့တွေရဲ့ အရှုံးမပေးတဲ့ စိတ်ဓါတ်ဟာ သူတို့ကို ပိုမိုခိုင်မာပြတ်သားသူတွေအဖြစ် ထုဆစ်ပေးလိုက်ပါတယ်။ ဒါကြောင့် စိန်ခေါ်မှုတွေကြုံလာရတိုင်း တစ်ခါရှုံးတာနဲ့ တစ်သက်လုံး လူဖြစ်ရှုံးတာမျိုး မဟုတ်ဘူးဆိုတာကို သတိရပါ။

Spanx ဆိုတဲ့ အသားကပ်ဘောင်းဘီ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္ပဏီကို တည်ထောင်ခဲ့သူ ဖြစ်တဲ့ Sara Blakely

Spanx ဆိုတဲ့ အသားကပ်ဘောင်းဘီ ထုတ်လုပ်တဲ့ နာမည်ကြီး ကုမ္ပဏီကို တည်ထောင်ခဲ့သူ ဖြစ်တဲ့ Sara Blakely ကတော့ အမေရိကန်ရဲ့ ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်ဖြစ်ပါတယ်။ သူမဟာ ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကျော် Time မဂ္ဂဇင်းရဲ့ ကမ္ဘာ့သြဇာအရှိဆုံး အယောက် ၁၀၀ စာရင်းမှာ ဖော်ပြခြင်း ခံရသူဖြစ်ပြီး ၂၀၁၄ ခုနှစ်မှာ Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့သြဇာ အရှိဆုံးစာရင်းမှာ နံပါတ် ၉၃ နေရာမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

အခုအချိန်မှာ Sara Blakely ကို အောင်မြင်နေတဲ့သူ တစ်ယောက်အနေနဲ့ တွေ့ရတဲ့အခါ သူမဘဝဟာ အားကျစရာပဲလို့ ထင်မြင်နိုင်ပေမယ့် ဒီလိုဘဝကို လွယ်လွယ်ကူကူနဲ့ ရခဲ့တာတော့ မဟုတ်ပါဘူး။ အမေရိကန်၊ ဖလော်ရီဒါမှာ ကြီးပြင်းခဲ့သူ တစ်ယောက်ဖြစ်တဲ့ Sara Blakely ရဲ့ ဖခင်ကတော့ ရှေ့နေတစ်ယောက် ဖြစ်ပြီး မိခင်ကတော့ အနုပညာရှင်တစ်ယောက် ဖြစ်ပါတယ်။ Florida State University ကနေ လူမှုဆက်ဆံရေး ဒီဂရီနဲ့ ဘွဲ့ရပြီးတဲ့ အချိန်မှာ သူမဟာ ဖခင်လို ရှေ့နေတစ်ယောက် ဖြစ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဝင်ခွင့်စာမေးပွဲကို နှစ်ကြိမ်တိုင်အောင် ကြိုးစားဖြေခဲ့ပေမယ့်လည်း သူမဟာ အမှတ် နည်းလွန်းတာကြောင့် ဥပဒေကျောင်းတက်ဖို့ ဝင်ခွင့်မရခဲ့ပါဘူး။ ပြီးတော့ သူမဟာ Walt Disney ရဲ့ရုပ်ရှင်ဇာတ်ကားအတွက် Goofy ဆိုတဲ့နေရာမှာ သရုပ်ဆောင်ဖို့ ကြိုးစားခဲ့တဲ့အခါမှာလည်း သူတို့ သတ်မှတ်ထားတဲ့ အရပ် မပြည့်မီလို့ ငြင်းဆိုတာ ခံခဲ့ရပါတယ်။ ဒါနဲ့ သူမဟာ Danka ဆိုတဲ့ ရုံးသုံးစက်ပစ္စည်းတွေ ရောင်းတဲ့နေရာမှာ Fax Machine တွေ ရောင်းတဲ့ အလုပ်ကို လုပ်ခဲ့ပါတယ်။ အဲ့ဒီအလုပ်ကို လုပ်နေစဉ် ကာလအတွင်းမှာ နေ့စဉ်လိုလို ဖောက်သည်တွေရဲ့ ငြင်းပယ်ခြင်းတွေကို ခံခဲ့ရပါတယ်။ တစ်ချို့ က သူမ ရဲ့ စက်ပစ္စည်းအကြောင်းကို စတင်ကမ်းလှမ်းတဲ့အခါ ဖုန်းကို ချပစ်တာမျိုး၊ သူမရဲ့ လိပ်စာကတ်ကို ရှေ့မှာတင် စုတ်ဖြဲပစ်တာမျိုးတွေထိ ကြုံခဲ့ရပါတယ်။ ဒါပေမယ့် သူမဟာ အဲ့ဒီဒဏ်တွေ အားလုံးကို ကြံ့ကြံ့ခံပြီး ခုနစ်နှစ်ကြာအောင် fax machine အရောင်းသမားတစ်ယောက် အနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။

တစ်ညနေခင်းမှာတော့ သူမဟာ ပါတီတစ်ခုသွားဖို့ အဖြူရောင် ဘောင်းဘီကို ဝတ်မယ်စိတ်ကူးရပေမယ့် အဲ့ဒီအောက်က ဝတ်လို့ရမယ့် အောက်ခံကို မတွေ့ခဲ့ပါဘူး။ ဒါနဲ့ သူမမှာ ရှိထားတဲ့ အသားကပ်ဘောင်းဘီရဲ့ ခြေထောက်ပိုင်း ဖြတ်ပြီး ကိုယ်ပိုင် စတိုင်နဲ့ အဖြူရောင် ဘောင်းဘီအောက်က ဝတ်သွားခဲ့ပါတယ်။ အဲ့ဒါက သူမကို ပိုပြီး ပိန်သွားစေပြီးတော့ ဘောင်းဘီဝတ်ထားတဲ့ အစင်းရာလည်း မပေါ်တော့ပါဘူး။ အဲ့ဒီအချိန်မှာပဲ သူမဟာ ဒီလိုဘောင်းဘီမျိုးတွေကို ထုတ်လုပ်ဖို့ စိတ်ကူးရသွားခဲ့ပါပြီး Spanx ကုမ္ပဏီကို တည်ထောင်ဖို့ ကြိုးစားခဲ့ပါတော့တယ်။ ဒါပေမယ့် သူမလို တစ်ခါမှ စီးပွားရေးသင်တန်းတွေလည်း မတက်ဖူးတဲ့သူ၊ ဖက်ရှင်အကြောင်း သိပ်နားမလည်တဲ့သူ၊ အဝတ်အစားပိုင်း သိပ်မသိတဲ့သူအတွက် ဒါက လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ ဒါကြောင့် fax machines တွေ ရောင်းတဲ့ အလုပ်ကို နေ့ခင်းပိုင်းမှာ လုပ်ပြီးတော့ Spanx တည်ထောင်ဖို့ သူမရဲ့ အကြံဉာဏ်အတွက် ညခင်းနဲ့ စနေ တနင်္ဂနွေ ပိတ်ရက်တွေမှာ အကောင်အထည်ဖော်ခဲ့ပါတယ်။ အဲ့ဒီနောက် သူမရဲ့ဘောင်းဘီ ဒီဇိုင်းကို ထုတ်လုပ်ပေးဖို့ ထုတ်လုပ်သူတွေကိုလည်း ရှာဖွေခဲ့ပါတယ်။ ကယ်လီဖိုးနီးယား မြောက်ပိုင်းက စက်ရုံတွေ တစ်ခုပြီးတစ်ခု သွားရောက် ပြောဆိုခဲ့ပေမယ့်လည်း ငြင်းဆိုမှုတွေပဲ ရရှိခဲ့ပြီး လပေါင်းအတော်ကြာ ကုန်ဆုံးခဲ့ပါတယ်။ ဒါပေမယ့် ငြင်းဆိုမှုတွေနဲ့ ကျင့်သားရနေတဲ့ သူမအတွက်ကတော့ စိတ်ဓာတ်ကျပြီး လက်လျော့ဖို့ စိတ်ကူး မရှိခဲ့ပါဘူး။ ဒါပေမယ့် ဇွဲကောင်းလှတဲ့ Sara Blakelyရဲ့ စိတ်ကူးထဲက ဘောင်းဘီဒီဇိုင်းတွေကို ချုပ်လုပ်ပေးဖို့အတွက် နောက်ဆုံးမှာတော့ စက်ရုံပိုင်ရှင်တစ်ယောက်က သဘောတူခဲ့ပါတယ်။ ဒီလိုနဲ့ သူမဟာ Fax machine အရောင်းသမား လုပ်ပြီး စုဆောင်းထားတဲ့ ငွေ ဒေါ်လာ ၅၀၀၀ နဲ့ Spanx ကို စတင်နိုင်ခဲ့ပါတယ်။

“အလုပ်တစ်ခုခု လုပ်တော့မယ့်အခါမှာ မျက်လုံးလေး ခဏမှိတ်ပြီး စဉ်းစားကြည့်လိုက်ပါ။ တကယ်လို့ ဒီအလုပ်ကို ဘယ်လိုလုပ်ရမလဲလို့ ကိုယ့်ကို တစ်ယောက်မှ ပြမထားရင် ဘယ်လိုလုပ်မှာလဲ” လို့ Sara Blakely က ပြောပါတယ်။
ကျွန်တော်တို့ဟာ သမရိုးကျတွေ အတိုင်း အလုပ်လုပ်နေကြပါတယ်။ ဒါပေမယ့် ဒါတွေဟာ အကောင်းဆုံး နည်းလမ်းတွေဖြစ်ရဲ့လားဆိုတာ သေချာစဉ်းစား ကြည့်ရပါလိမ့်မယ်။ လုပ်နေကျကနေ ကွဲပြားအောင် လုပ်နိုင်မှသာလျှင် ပြောင်းလဲမှုတွေဖြစ်လာမှာပါ။ နေ့စဉ်တွေ့နေရတဲ့ အရာဝတ္ထုတွေကို ကြည့်ပြီး စဉ်းစားလိုက်ပါ။ ဒီအရာကို ဘယ်လို ပိုကောင်းအောင် လုပ်နိုင်မလဲ။ ကိုယ်လုပ်ဆောင်တဲ့ နည်းလမ်းတိုင်းကို စဉ်းစားလိုက်ပါ။ ဒါဟာ အကောင်းဆုံး နည်းလမ်းဖြစ်ရဲ့လား။ ဘယ်လို ပိုကောင်းအောင်လုပ်နိုင်မလဲလို့ စဉ်းစားကြည့်ပြီးတော့ လူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပါ။

နေ့စဉ်နေ့တိုင်း လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ ငြင်းဆိုမှုတွေကို စိတ်မပျက်ဘဲ ရှုံးနိမ့်မှုတွေကြားကနေ အောင်မြင်မှုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အမျိုးသမီး လုပ်ငန်းရှင် Sara Blakely ရဲ့ အဖြစ်အပျက်ကတော့ ကျွန်တော်တို့အတွက် အတုယူစရာပဲ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ ကလေးငယ်တိုင်း နှစ်သက်ကြတဲ့ ကာတွန်းကားတွေကို ဖန်တီးထုတ်လုပ်နေတဲ့ ဝေါ့လ်ဒစ်စနေ ကုမ္ပဏီကို တည်ထောင်ခဲ့သူ

ကမ္ဘာပေါ်မှာရှိတဲ့ ကလေးငယ်တိုင်း နှစ်သက်ကြတဲ့ ကာတွန်းကားတွေကို ဖန်တီးထုတ်လုပ်နေတဲ့ ဝေါ့လ်ဒစ်စနေ ကုမ္ပဏီကို တည်ထောင်ခဲ့သူ ဝေါ့လ်ဒစ်စနေကို ၁၉၀၁ ခုနှစ်၊ ချီကာဂို မြို့ မှာ မွေးဖွားခဲ့ပါတယ်။ ငယ်စဉ်ကလေးဘဝ ကတည်းက ကာတွန်းရုပ်တွေကို စိတ်ဝင်စားခဲ့တဲ့ ဝေါ့လ်ဒစ်စနေဟာ သူ့ရဲ့ အားလပ်ချိန်တိုင်းမှာ ကာတွန်းရုပ်တွေ ရေးဆွဲပြီး အချိန်ကုန်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့ မိဘတွေဟာ ငွေကြေးပြည့်စုံသူတွေ မဟုတ်တဲ့အတွက် အသက် ၂၀ မတိုင်ခင်ကတည်းက ဝေါ့လ်ဒစ်စနေဟာ သူ့အသက်မွေးဝမ်းကြောင်းအတွက် အလုပ်မျိုးစုံလုပ်ခဲ့ရပါတယ်။

အဲ့ဒီနောက် ကမ္ဘာစစ်ဖြစ်လာချိန်မှာ အမေရိကန်စစ်တပ်ထဲကို ဝင်ရောက်ဖို့ လျှောက်ထားခဲ့ပေမယ့်လည်း ငြင်းပယ်ခံခဲ့ ရပါတယ်။ ဒါကြောင့် သူဟာ ကြက်ခြေနီအဖွဲ့ထဲကို ဝင်ရောက်ခဲ့ပြီး ပြင်သစ်နိုင်ငံက အော်ပရေးရှင်းတွေမှာ လူနာတင်ကား မောင်းခဲ့ပါတယ်။ အဲဒီနောက် အမေရိကားကို ပြန်လာတော့ အလုပ်တစ်ခုရဖို့အတွက် အလုပ်ရှာရာမှာ အလွယ်တကူ ရှာမရခဲ့ပါဘူး။ ၁၉၁၉ ခုနှစ်မှာတော့ ပန်းချီရုပ်ပုံဒီဇိုင်းတွေ ရေးဆွဲတဲ့ စတူဒီယိုတစ်ခုမှာ အလုပ်သင်အဖြစ် အလုပ်ရခဲ့ပေမယ့်လည်း လအနည်းငယ်အတွင်းမှာပဲ အလုပ်ဖြုတ်ခံခဲ့ရပါတယ်။ သူက သရုပ်ဆောင် လုပ်ဖို့လည်း ကြံလိုက်ပါသေးတယ်။ နောက်တော့ သတင်းစာတွေအတွက် တစ်ကွက်ကာတွန်းလေးတွေ ဆွဲဖို့ကြိုးစားခဲ့ပေမယ့်လည်း မဖြစ်မြောက်ခဲ့ပါဘူး။ အဲ့ဒီနောက်သူဟာ “အက်ဒ်ဝင်” ဆိုသူ ရေးသားတဲ့ “Animated Cartoons” စာအုပ်ကို ဖတ်ခဲ့ပြီးတဲ့နောက်မှာတော့ ကာတွန်းရုပ်ရှင်တွေကို သိပ်စိတ်ဝင်စားသွားခဲ့ပါတယ်။ ဒါကြောင့်သူဟာ ကင်မရာ တစ်လုံးကို ငှားရမ်းပြီး သူ့ရဲ့ အိမ်နောက်ဖေးကွက်လပ်မှာ ကာတွန်းရုပ်ရှင်လေးတွေကို စမ်းသပ် ရိုက်ကူးကြည့်ခဲ့ပါတယ်။

ဒီလိုနဲ့ သူဟာ ကာတွန်းရုပ်ရှင်လေးတွေ ဖန်တီးတဲ့ ကိုယ်ပိုင်လုပ်ငန်းတစ်ခု စတင်ဖို့ သူ့ရဲ့ သူငယ်ချင်း ကာတွန်းရေးဆွဲသူ တစ်ယောက်နဲ့အတူ ကုမ္ပဏီတစ်ခုတည်ထောင်ခဲ့ပါတယ်။ သူတို့ရဲ့ ကုမ္ပဏီကို ကာတွန်းရုပ်ရှင်တွေ ဖန်တီးဖို့အတွက် ရည်ရွယ်ခဲ့ပြီးတော့ ကင်းဆပ်စီးတီးမြို့ မှာ အခြေစိုက်ခဲ့ပါတယ်။ လုပ်ငန်းစတင်စဉ်မှာတော့ နယူးယောက်မြို့ မှာရှိတဲ့ ရုပ်ရှင်ဖြန့်ချီရေး ကုမ္ပဏီတစ်ခုအတွက် ကာတွန်းတွေ ရေးဆွဲပေးဖို့ စာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ အလုပ်အပ်သူတွေ မရှိတဲ့အတွက် ကုမ္ပဏီပျက်လုနီးနီး အခြေအနေရောက်ခဲ့ပြီး တစ်ခါမှာတော့ ရုံးခန်းငှားခတောင် မပေးနိုင်တဲ့အထိဖြစ်ခဲ့ရပါတယ်။ သူဟာ ထမင်းဝယ်စားဖို့အတွက်တောင်ငွေမရှိလို့ ခွေးစာဗူးတွေပဲဝယ်စားနေရတဲ့အထိ အခြေအနေက ဆိုးရွားခဲ့ပါတယ်။ သူတို့ဟာ “Laugh-O-Grams” ဆိုတဲ့ ကာတွန်းကားကလေးတွေကို ဖန်တီးရောင်းချ နိုင်ခဲ့ပြီး ဝင်ငွေအချို့ရရှိခဲ့ပေမယ့်လည်း မကြာခင်မှာ လုပ်ငန်းရပ်ဆိုင်းသွားခဲ့ပါတယ်။

၁၉၂၃ ခုနှစ်မှာတော့ သူဟာ ဟောလိဝုဒ်ကို သွားရောက်ခဲ့ပြီးနောက် အလုပ်တစ်ခုရရှိဖို့ ကြိုးစားရှာဖွေခဲ့ပေမယ့်လည်း အလုပ်မရခဲ့ပါဘူး။ ဒါပေမယ့် မကြာခင်မှာ ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်က သူ့ကို ကာတွန်းရုပ်ရှင်ဇာတ်လမ်းတွဲ လေးတွေအချို့ ကို ရိုက်ကူပေးဖို့ အခွင့်အရေးပေးလာခဲ့ပါတယ်။ ဒါကြောင့်သူဟာ သူ့ရဲ့ အစ်ကိုဖြစ်သူ ဒေးဗစ်နဲ့အတူ “Disney Brothers Studio” ကို တည်ထောင်ခဲ့ပြီးတော့ အဲ့ဒီကုမ္ပဏီဟာ နောက်ပိုင်းမှာတော့ နာမည်ကျော်ကြားတဲ့ “Walt Disney Company” ဖြစ်လာခဲ့ပါတယ်။

ဝေါ့လ်ဒစ်စနေဟာ သူ့ရဲ့ ကာတွန်းရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်း အောင်မြင်ဖို့အတွက် အခက်အခဲပေါင်းများစွာ ဖြတ်ကျော်ခဲ့ရပါတယ်။ ၁၉၂၇ ခုနှစ်မှာ သူ့ရဲ့ မစ်ကီမောက်စ် ကာတွန်းရုပ်ရှင်ကို ဖြန့်ချီဖို့ ကြိုးစားရာမှာလည်း ရုပ်ရှင်ဝေဖန်သူတွေက “ဒီကြွက်ကြီး ပိတ်ကားပေါ်မှာ ပြေးနေလို့ကတော့ မိန်းကလေးတွေ လန့်ကုန်ကြတော့မှာပဲ” လို့ အပြောခံရပြီး အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ပဲ ယူဆခဲ့ကြပါတယ်။ အခြားတစ်ခုဖြစ်တဲ့ ဝက်ကလေးသုံးကောင် ကာတွန်းရုပ်ရှင်ဟာလည်း ဇာတ်ကောင် ၄-ခုပဲ ပါတဲ့ အကြောင်းပြချက်နဲ့ ရုပ်ရှင်ဖြန့်ချီရေးလုပ်ငန်းတွေက ငြင်းခဲ့ကြပါတယ်။ အဲ့ဒီခေတ်အခါက ကာတွန်းရုပ်ရှင်ဆိုတာ ဇာတ်ကောင်များလေ ကောင်းလေလို့ ယူဆခဲ့ကြတာပါ။

ဒီလိုနဲ့ ၁၉၃၂ ခုနှစ်မှာ သူ့ရဲ့ “Flowers and Trees” ဇာတ်ကားဟာ အကယ်ဒမီဆု ရရှိခဲ့ပြီးတဲ့နောက်မှာတော့ သူဖန်တီးတဲ့ ရုပ်ရှင်ကားတွေဟာ ဆက်တိုက်အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အစောပိုင်းက ရိုက်ကူးခဲ့တဲ့ ဝက်ကလေးသုံးကောင် ကာတွန်းရုပ်ရှင်ဟာလည်း နောက်ပိုင်းမှာတော့ ကြောက်ခမန်းလိလိမျှ အောင်မြင်ခဲ့ပါတယ်။ အဲ့ဒီနောက် ၄-နှစ်ကြာအောင်ရိုက်ကူးခဲ့ရတဲ့ စနိုးဝှိုက် နဲ့ လူပုလေး ၇-ယောက် ဇာတ်ကားကြောင့် သူ့ရဲ့အောင်မြင်မှုဟာ အမြင့်ဆုံးကို ရောက်ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူ့ရဲ့ Disney အမှတ်တံဆိပ်ကို ကလေးအသုံးအဆောင် ပစ္စည်းတွေထုတ်လုပ်ရာမှာ အခပေး၍ထုတ်လုပ်ခွင့်ပြုခဲ့ပြီး၊ အများပြည်သူတွေ အပန်းဖြေတဲ့ ကစားကွင်းကြီး တွေကိုလည်း တည်ထောင်နိုင်ခဲ့ပါတယ်။

“မင်းလိုချင်တဲ့အရာတစ်ခုကို စိတ်ကူးထဲမှာ ပုံဖော်နိုင်စွမ်းရှိတယ်ဆိုရင် အဲ့ဒီအရာကို ရယူနိုင်ဖို့ နည်းလမ်းတွေကို ရှာဖွေနိုင်မှာပဲပေါ့” လို့ ပြောကြားခဲ့တဲ့ ဝေါ့လ်ဒစ်စနေရဲ့ အလျော့မပေးစတမ်း ကြိုးစားနိုင်စွမ်းကတော့ စံနမူနာ ယူလောက်စရာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ အဆင်မပြေမှုတွေ၊ မအောင်မြင်မှုတွေနဲ့ ကြုံတွေ့လာခဲ့ရင် သူ့ရဲ့ ရုန်းကန်ကြိုးစားမှုတွေကို သတိရပြီး ဆက်လက်ကြိုးစားသင့်တဲ့အကြောင်း တိုက်တွန်းလိုက်ပါတယ်။

ကောလိပ်သူငယ်ချင်း (၃) ဦး ဖန်တီးတည်ထောင်ခဲ့တဲ့ ၁ ဘီလီယံတန် စားသောက်ဆိုင်လုပ်ငန်း “Sweet Green”

Sweet green ဆိုတာကတော့ အမေရိကန်နိုင်ငံရှိ လတ်ဆတ်တဲ့ အသုပ်မျိုးစုံကို ရောင်းချပေးနေတဲ့ စားသောက်ဆိုင်လုပ်ငန်းစု ဖြစ်ပါတယ်။ ဒီလုပ်ငန်းကို Jonathan Neman, Nathaniel Ru နဲ့ Nicolas Jammet ဆိုတဲ့ လူငယ်သုံးယောက်က Georgetown တက္ကသိုလ် ဘွဲ့ကြိုစီးပွားရေးဒီပလိုမာ ရရှိပြီး သုံးလအကြာ ၂၀၀၇ ခုနှစ် သြဂုတ်လမှာ စတင်တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။

သူတို့ သုံးယောက်လုံးက Georgetown တက္ကသိုလ်မှာ ပထမနှစ်ကျောင်းသားဘဝနဲ့ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး သူတို့ကြိုက်တဲ့ အစားအသောက်ပုံစံကြောင့် ပိုနီးစပ်ခဲ့ပါတယ်။

အားလုံးသိကြတဲ့အတိုင်းပါပဲ။ ကျောင်းသားဘဝဆိုတော့ နေ့စဉ် ဘာစားရမလဲဆိုတာကလည်း ပြဿနာတစ်ရပ်ပါပဲ။
ဘယ်မှာ စားရမလဲ? ဘာစားရမလဲ? ဆိုတဲ့ မေးခွန်းက ကျောင်းတက်နေစဉ် သူတို့အတွက် အမြဲစဉ်းစားရတဲ့ မေးခွန်းဖြစ်ပါတယ်။ နောက်ပြီး လူအများလို လွယ်ကူတဲ့ အမြန်ပြင်အစားအစာတွေကို မနှစ်ခြိုက်ကြတဲ့ သူတို့သုံးယောက်အတွက်တော့ ဒီပြဿနာက အကြီးစားဖြစ်ပြီး အလွန်ခက်ခဲခဲ့ပါတယ်။

သူတို့အမြဲရှာနေကြတာကတော့ ကျန်းမာရေးနဲ့ ညီညွတ်၊ စားလို့လည်း အရသာရှိ ၊ သင့်တော်တဲ့ဈေးနှုန်းရှိပြီး ဘဝနေထိုင်မှုပုံစံနဲ့လည်း ကိုက်ညီမှုရှိတဲ့ အစားအစာများကို ရောင်းချပေးနိုင်တဲ့ နေရာမျိုးပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာပဲ သူတို့ ရှာမတွေ့ခဲ့ပါဘူး။ သူတို့လိုပဲ တခြားလူတွေလည်း ဒီပြဿနာကြုံတွေ့နေရတယ်ဆိုတာ သူတို့သိပါတယ်။

ဒါကြောင့်သူတို့ သုံးယောက် ဘွဲ့ရပြီးတဲ့နောက် လအနည်းငယ်အကြာမှာ ဒီပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်ချက်နဲ့ Sweet green လို့ခေါ်တဲ့ စားသောက်ဆိုင်လေးကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ Sweet green ရဲ့ ပထမဆုံး ဆိုင်နေရာလေးကတော့ ဝါရှင်တန်ဒီစီက ၆၀၀ စတုရန်းပေပဲရှိတဲ့ နေရာသေးသေးလေးပါ။ သူတို့ရဲ့ ဆိုင်လေးကတော့ Sweet green ဆိုတဲ့ နာမည်လေးနဲ့ လိုက်ဖက်လွန်းလှတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အသုပ်မျိုးစုံ နဲ့ အစားအစာတွေကို အမြန်ဝန်ဆောင်မှုပေးတဲ့ စားသောက်ဆိုင်လေး ဖြစ်ပါတယ်။ ဒီလို ဖွင့်ဖို့အတွက် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအဖြစ် လုပ်ကိုင်နေကြတဲ့ သူတို့မိဘတွေရဲ့ သင်ကြားပြသမှု၊ ညွှန်ကြားမှုတွေကလည်း အလွန် အရေးပါခဲ့ပါတယ်။

Sweet green ဆိုင်က လက်ခံထားတဲ့ မူဝါဒကတော့ ပိုမိုကျန်းမာတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် တည်ဆောက်နိုင်လာအောင် ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အစားအသောက်များကို ရောင်းချပေးပြီး စိုက်ပျိုးသူများနဲ့ စားသုံးသူများကို ချိတ်ဆက်ပေးချင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို တိကျသေချာတဲ့ ရည်မှန်းချက်ကို ရရှိဖို့အတွက် သူတို့ရဲ့ ပတ်ဝန်းကျင်ကို လေ့လာပြီး ချမှတ်ကြပါတယ်။ သူတို့က အမြန်ပြင်အစားအစာ (Fast food) ရောင်းတဲ့ဆိုင်တွေရဲ့ မြန်ဆန်မှုနဲ့ ဈေးသက်သာမှုကို သဘောကျပေမယ့် အရည်အသွေးနဲ့ ဆိုင်တွင်း ဝန်ဆောင်မှုတွေကိုတော့ အားမရကြပါဘူး။ နောက်ပြီး အသင့်စားဆိုင် အများစုမှာ ဆိုရင် စားသုံးသူတစ်ဦးရောက်တာနဲ့ တန်းစီပြီး ကိုယ့်အလှည့်ရောက်တာနဲ့ ကောင်တာမှာ ရှိနေတဲ့ ဝန်ထမ်း လေး၊ ငါးဦးကို မှာပြီး ကိုယ်မှာတာရောက်ဖို့ စောင့်ရပါတယ်။ Sweetgreen မှာတော့ စားသုံးသူတစ်ဦး မှာယူတဲ့ အစားအစာကို ဝန်ထမ်းတစ်ဦးက လိုက်ပါပြင်ဆင်ပေးပါတယ်။

Sweet green ဆိုင်တွေအတွက် ဟင်းပွဲပြင်ဆင်ရာမှာ သူတို့နဲ့ ချိတ်ဆက်ထားတဲ့ စိုက်ခင်း ၃၀၀ ကျော်ကနေ တိုက်ရိုက်ရတဲ့ လတ်လတ်ဆတ်ဆတ် အသီးအရွက်၊ အသီးအနှံ များကိုသာ အသုံးပြုပါတယ်။ အစားအသောက် တစ်ခုချင်းစီကို ပြင်ဆင်ရာမှာလည်း လတ်ဆတ်မှုရဲ့ အရသာကို ခံစားရအောင် ပြင်ဆင်ပါတယ်။ ဒီလိုမျိုး အားလုံးကို တတ်နိုင်သမျှ ထောင့်စိအောင်ပြင်ဆင်ပြီး စားသုံးသူကို ဝန်ဆောင်မှု ပေးခြင်းဖြင့် သူတို့ရှာဖွေနေတဲ့ စားစရာနေရာလေးကို သူတို့ကိုယ်တိုင် ပုံဖော်ခဲ့ကြပါတယ်။

ဒီလိုနဲ့ သူတို့ဆိုင်လေး လူသိများ နာမည်ရလာတဲ့အခါ တိုးချဲ့ဖို့ စဉ်းစားရပါပြီ။ ဒါဟာ သူတို့အတွက် လွယ်ကူတဲ့ကိစ္စ မဟုတ်ခဲ့ပါဘူး။ ပထမဆုံး တိုးချဲ့ဖို့အတွက် လိုအပ်တဲ့ငွေကို ရှာဖွေဖို့ ရင်းနှီးမြှုပ်နှံသူပေါင်း အယောက် ၁၀၀ကျော်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဆီကို ရင်းနှီးမြှုပ်နှံမယ့်သူ အယောက် ၄၀ နဲ့ ရင်းနှီးမြှုပ်နှံငွေ ပျှမ်းမျှ အမေရိကန် ဒေါ်လာ ၁၀,၀၀၀ လောက်ပဲ ရခဲ့ပါတယ်။ ဒီလူတွေကလည်း သူတို့ ရည်ရွယ်ချက်ပန်းတိုင်ကို ယုံကြည်ပြီး သူတို့အပေါ် လောင်းကြေးထပ်ကြမယ့်သူတွေပါ။

ဒီလို ၁၁ နှစ်ကျော် ကြိုးစားလုပ်ကိုင်ခဲ့တဲ့နောက်မှာတော့ Sweet green ဟာ အမေရိကားရဲ့ နေရာအနှံ့အပြားမှာ ဆိုင်ပေါင်း ၉၀ ဖွင့်လှစ်နိုင်ခဲ့ပြီး ဝန်ထမ်းပေါင်းလေးထောင်ရှိတဲ့ ၁ – ဘီလီယံ တန်ဖိုးရှိ အစားအသောက်လုပ်ငန်းစုတစ်ခု ဖြစ်လာခဲ့ပါပြီ။

ကျွန်တော်တို့နေ့စဉ် ဖြတ်သန်းနေရတဲ့ ပတ်ဝန်းကျင်မှာ ကိုယ်တိုင်ပဲဖြစ်ဖြစ် တခြားသူပဲဖြစ်ဖြစ် ပြဿနာတွေမျိုးစုံနဲ့ ကြုံတွေ့ကြရပါတယ်။ ဒီလို မြင်နေ ကြားနေရတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားရင်း ကိုယ်ယုံကြည်ရာကို စိတ်ကူးပုံဖော် လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုရနိုင်တယ်ဆိုတာကို Sweet green နဲ့ ဒီလူငယ်သုံးယောက်က သက်သေပြနေပါတယ်။

KFC ကြက်ကြော်ဆိုင်ကြီးကို တည်ထောင်သူ “Colonel Sanders”

“အသက်ငယ်ရွယ်မှု၊ ကြီးမြင့်မှုတို့က အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လိုသူတွေကို အဟန့်အတား ဖြစ်စေနိုင် သလား။”
မြန်မာပြည်ကလူတွေ ကြိုက်နှစ်သက်တဲ့ KFC ကြက်ကြော်ဆိုင်ကြီးရဲ့ Logo အမှတ်တံဆိပ်မှာ မြင်တွေ့နိုင်တဲ့ ပြုံးရယ်နေတဲ့ လူကြီးရဲ့ပုံကတော့ ကာနယ်ဆန်းဒါးစ် ဖြစ်ပါတယ်။ အဲ့ဒီ လိုဂိုပေါ်မှာ မြင်တွေ့ရတဲ့ သူ့ရဲ့ပုံဟာ KFC ကြက်ကြော်ဆိုင်ကို တည်ထောင်ခဲ့သူ တစ်ဦးအဖြစ် သာမက ဇွဲလုံ့လရှိမှု၊ အလျော့မပေးဘဲ ကြိုးစားအားထုတ်မှု၊ အရည်အသွေး ကောင်းမွန်မှု၊ စွန့်ဦးတီထွင်မှု တို့ကို ကိုယ်စားပြုနေတဲ့ ပုံရိပ်တစ်ခုလည်းဖြစ်ပါတယ်။

၁၈၉၀ ခုနှစ်က အမေရိကန် အင်ဒီယာနာပြည်နယ်မှာ မွေးဖွားခဲ့တဲ့ ကာနယ်ဆန်းဒါးစ်ဟာ ငယ်ရွယ်စဉ်တုန်းကတော့ ရေနွေးငွေ့အင်ဂျင်ပြုပြင်သူ၊ ဓာတ်ဆီဆိုင်အလုပ်သမား၊ မီးသတ်သမား၊ ကားတာယာအရောင်းသမား၊ အာမခံ ကိုယ်စားလှယ်နဲ့ ထမင်းချက် စသည်ဖြင့် အလုပ်မျိုးစုံ လုပ်ခဲ့ပါတယ်။ ၁၉၀၇ ခုနှစ်မှာ ဆန်းဒါးစ်ဟာ အမေရိကန် စစ်တပ်မှာ တာဝန်ပြီးဆုံးသွားလို့ ထွက်လာခဲ့ပြီးနောက် Alabama ပြည်နယ်ကို ပြောင်းရွေ့လာခဲ့ပါတယ်။ အဲ့ဒီမှာ သူဟာ မီးရထားတွဲတွေ ပြုပြင်ထိန်းသိမ်းတဲ့ အလုပ် မျိုးစုံကို လုပ်ဆောင်နေရင်းနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ဆန်းဒါးစ်ဟာ တနေကုန် အလုပ်လုပ်ရပေမယ့် ဥပဒေဘွဲ့ရဖို့ ညဘက်တွေမှာ ပညာသင်ခဲ့ပါသေးတယ်။ နောက်ပိုင်းမှာ ဆန်းဒါးစ်ဟာ မီးရထားအလုပ်ကထွက်ပြီး ရှေ့နေအဖြစ် အလုပ်လုပ်ခဲ့ပေမယ့် တရားရုံးအတွင်းမှာ အမှုသည်တစ်ယောက်နဲ့ စကားများကြရင်း ပြဿနာ ဖြစ်ခဲ့တာကြောင့် အလုပ်ရပ်နားခံခဲ့ရပါတယ်။

၁၉၁၆ ခုနှစ်မှာတော့ ဆန်းဒါးစ်ဟာ အသက်အာမခံရောင်းချတဲ့ ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ အသက် မွေးဝမ်းကြောင်းခဲ့ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းရှင်အဖြစ် ရပ်တည်ချင်တဲ့ ဆန်းဒါးစ်ဟာ ၁၉၂၀ ဝန်းကျင်မှာ Ohio မြစ်ထဲမှာ ခရီးသည်ပို့ဆောင်ရေး ရေယာဉ်လုပ်ငန်းကို အခြားအစုရှယ်ယာဝင်တွေနဲ့အတူ လုပ်ဆောင်ခဲ့ပါသေး တယ်။ ဒါပေမယ့် မကြာခင်မှာပဲ အစိုးရက မြစ်ကိုဖြတ်ကူးတဲ့ တံတားတစ်ခု တည်ဆောက်လိုက်တာကြောင့် သူ့ရဲ့စိတ်ကူးအိပ်မက်တွေကို ထိခိုက်သွားခဲ့ပါတယ်။ ဆန်းဒါးစ်က သူ့ရဲ့အစုရှယ်ယာတွေကို ပြန်လည်ရောင်းချ ခဲ့ပြီးတော့ ကားတာယာ ကုမ္ပဏီတစ်ခုမှာ အရောင်းသမား အနေနဲ့ လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာပဲ အဲ့ဒီကားတာယာကုမ္ပဏီရဲ့ စက်ရုံက ပိတ်သွား ခဲ့တာကြောင့် ဆန်းဒါးစ်ဟာ အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြန်ပါတယ်။

၁၉၃၀ ခုနှစ်မှာတော့ အမေရိကန် ရေနံကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Shell Company က မန်နေဂျာတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့ပြီး၊ ကန်တက်ကီပြည်နယ်က အဝေးပြေး လမ်းဘေးမှာရှိတဲ့ ဓာတ်ဆီဆိုင်တစ်ခုရဲ့ ဘေးမှာ အငှားခပေးစရာမလိုဘဲ စားသောက်ဆိုင် ဖွင့်ခွင့်ရခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာ သူဟာ စားသောက်ဆိုင်ကလေးရဲ့ ဘေးမှာ ခရီးသွားတွေ နားခိုနိုင်တဲ့ မိုတယ်လေးတစ်ခုကိုလည်း တွဲဆက်ပြီး ဖွင့်လှစ်ခဲ့ပါသေးတယ်။ ဒါပေမယ့် သူ့ရဲ့ မိုတယ်နဲ့ စားသောက်ဆိုင်ကလေးဟာ မီးဘေး အန္တရာယ်ကြောင့် ပျက်စီးသွားခဲ့တာကြောင့် ပြန်လည်ပြီး တည်ဆောက်ခဲ့ရပါ သေးတယ်။ အဲ့ဒီလို စားသောက်ဆိုင် လုပ်ငန်းကို လုပ်ကိုင်နေရင်းနဲ့ ကြက်သားကို မြန်မြန် ဆန်ဆန်နဲ့ အကျက်ညီအောင် ကြော်ပြီးတော့ အရသာ ကောင်းမွန်စေတဲ့ ကိုယ်ပိုင်လျှို့ဝှက် အသားနှပ်နည်းနဲ့ ကြက်ကြော်နည်းကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် မကြာခင်မှာ ဒုတိယကမ္ဘာစစ်ဖြစ်လာတာကြောင့် ဆန်းဒါးစ်ရဲ့ စားသောက်ဆိုင် လုပ်ငန်းဟာ ရပ်တန့် သွားခဲ့ရပြီး ကော်ဖီဆိုင်တစ်ဆိုင်မှာ မန်နေဂျာအဖြစ် လုပ်ကိုင် ခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်တော့မှ အလျော့မပေးတတ်တဲ့ ဆန်းဒါးစ်ဟာ သူဖော်ထုတ်ခဲ့တဲ့ ကြက်ကြော်နည်းနဲ့ စားသောက်ဆိုင်လုပ်ငန်းတစ်ခု စတင်ဖို့ကို အမြဲစိတ်ကူးနေခဲ့ ပါတယ်။

အဲ့ဒီလိုနဲ့ ၁၉၅၂ ခုနှစ်မှာတော့ Utah ပြည်နယ်မှာ ရှိတဲ့ စားသောက်ဆိုင်ကြီးတစ်ခုရဲ့ ပိုင်ရှင်ဖြစ်သူ Pete Harman နဲ့ တွေ့ဆုံခဲ့ပြီး သူ့ရဲ့ ကြက်ကြော်နည်းကို ဖရန်ချိုင်းစနစ်နဲ့ အသုံးပြုခွင့်ပေးဖို့ သဘောတူခဲ့ပါတယ်။ အဲ့ဒီအတွက် သူဟာ ကြက်ကြော်တစ်တုံးကို 0.04 $ ခံစားခွင့်ရရှိခဲ့ပါတယ်။ သူ့ရဲ့ ကြက်ကြော်နည်းနဲ့ ကြော်တဲ့ကြက်ကြော် တွေဟာ အရသာထူးခြားကောင်းမွန်တာကြောင့် Pete Harman ရဲ့ စားသောက်ဆိုင်ကို နာမည် ကျော်ကြားခဲ့စေ တာကြောင့် အခြားစားသောက်ဆိုင်တွေကလည်း သူ့ကို ဆက်သွယ်လာကြပါတယ်။

အဲ့ဒီလိုနဲ့ အသက် ၆၅ နှစ် ရှိပြီဖြစ်တဲ့ ဆန်းဒါးစ်ဟာ သူ့ရဲ့ကြက်ကြော်နည်းကို ဖရန်ချိုင်းစနစ်နဲ့ ရောင်းချဖို့အတွက် အမေရိကန်နိုင်ငံအနှံ့က စားသောက်ဆိုင်တွေကို လှည့်လည်ခဲ့ပါတယ်။ အဲ့ဒီကာလတွေမှာတော့ ဆန်းဒါးစ်ဟာ တခါတလေမှာ သူ့ရဲ့ကား နောက်ခန်းထဲမှာပဲ အိပ်စက်ခဲ့ရပါတယ်။ စားသောက်ဆိုင်တွေကို ရောက်တိုင်းမှာ ဆန်းဒါးစ်က သူ့ရဲ့ကြက်ကြော် နည်းကိုအသုံးပြုပြီး ကြက်ကြော်ပြသခွင့်ပြုဖို့ တောင်းဆိုခဲ့ပါတယ်။ ကြက်ကြော်ရဲ့ အရသာကို နှစ်သက်တဲ့ ဆိုင်ရှင် တွေကိုတော့ ဖရန်ချိုင်းစနစ်နဲ့ အလုပ်လုပ်ဖို့ စည်းရုံးခဲ့ပါတယ်။ ၁၉၆၂ ခုနှစ် မှာတော့ ဆန်းဒါးစ်ဟာ သူ့ရဲ့ကိုယ်ပိုင် ကြက်ကြော်နည်းကို မူပိုင်ခွင့်ရယူနိုင်ခဲ့ပြီး၊ သူ့ရဲ့ KFC ကြက်ကြော်ဆိုင် တွေဟာ အမေရိကန်နိုင်ငံသာမက တခြား နိုင်ငံတွေထိအောင် တိုးပွားလာခဲ့ပါတယ်။

ဆန်းဒါးစ်ဟာ အသက် ၇၃ နှစ်အရွယ်မှာတော့ သူ့ရဲ့လုပ်ငန်းကို ကန်တက်ကီပြည်နယ်က စီးပွားရေးုလုပ်ငန်းရှင် နှစ်ဦးဖြစ်တဲ့ John Brown နဲ့ Jack Massey တို့ကို ဒေါ်လာ ၂ သန်းနဲ့ ရောင်းချခဲ့ပါတယ်။ အဲ့ဒီလိုရောင်းချမှုရဲ့ သဘောတူညီချက်အရ ဆန်းဒါးစ်ဟာ KFC လုပ်ငန်းအတွက် Brand အမှတ်တံဆိပ်ကို ကိုယ်စားပြုသူအဖြစ် ဆက်လက်ဝင်ငွေရရှိနေမှာ ဖြစ်ပြီး ကနေဒါနဲ့ ယူကေ နိုင်ငံက ဆိုင်ခွဲအချို့ရဲ့ ဝင်ငွေတွေကိုလည်း ဆက်လက် ခံစားခွင့် ရရှိခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ဆန်းဒါးစ်ဟာ အသက်အရွယ်ကြီးမြင့်လာခဲ့ပေမယ့်လည်း KFC လုပ်ငန်းရဲ့ Brand အမှတ်တံဆိပ်ကို တည်ဆောက်တဲ့ လှုပ်ရှားမှုတွေတိုင်းမှာ ပါဝင်နေဆဲဖြစ်ပါတယ်။ KFC ဆိုင်ခွဲတွေကိုလည်း မကြာခဏ သွားရောက်လေ့ရှိပြီးတော့ အရည်အသွေးကိုထိခိုက်စေမယ့် လုပ်ဆောင်ချက်တွေကိုတွေ့မြင်တိုင်း ဆူပူကြိမ်းမောင်းလေ့ ရှိပါတယ်။ “စားသုံးသူတွေကို အရည်အသွေး ကောင်းမွန်ပြီး အရသာ ရှိတဲ့ အစားအသောက်တွေ ပေးနိုင်ဖို့အတွက် ငွေကြေးအကျိုးအမြတ်ကိုပဲ ဂရုစိုက်နေလို့ မရဘူး” လို့ သူက ဆိုင်ခွဲ ပိုင်ရှင်တွေကို မကြာခဏပြောဆိုလေ့ ရှိပါတယ်။

ဆန်းဒါးစ်ဟာ ၁၉၈၀ ခုနှစ်မှာ ကွယ်လွန်သွားခဲ့ပြီဖြစ်ပေမယ့်လည်း သူစတင်တည်ထောင်ခဲ့တဲ့ KFC Brand အမှတ်တံဆိပ်ကတော့ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုအဖြစ် ရပ်တည်နေဆဲပဲ ဖြစ်ပါတယ်။ ကိုယ်ဆန္ဒရှိတဲ့ လုပ်ငန်းတစ်ခုကို တည်ထောင်နိုင်ဖို့၊ ကိုယ်ဖြစ်ချင်တဲ့ဘဝတစ်ခုကို ရရှိနိုင်ဖို့အတွက် ဘယ်လိုအသက်အရွယ်ပဲ ဖြစ်ပါစေ၊ ဘယ်လိုအခက်အခဲတွေကိုပဲ ကြုံတွေ့ရပါစေ အလျော့မပေးဘဲ ရုန်းကန်ကြိုးစားပြီး အောင်မြင်မှုရယူနိုင် ခဲ့တဲ့ ကာနယ်ဆန်းဒါးစ်ရဲ့ ဘဝဇာတ်လမ်းဟာ လူတိုင်းအတွက် အကောင်းဆုံး စံနမူနာတစ်ခုပဲ ဖြစ်ပါတယ်။