ထိရောက်သော စီမံအုပ်ချုပ်ရေး နည်းလမ်းများ

အကယ်၍ ကိုယ့်ရဲ့ ရာထူးမှာ မန်နေဂျာဆိုတဲ့
စကားလုံးမပါဘူးဆိုရင်တောင် ကိုယ့်ရဲ့အသက်မွေး
ဝမ်းကြောင်းမှုမှာ အနည်းနဲ့ အများတော့ စီမံခန့်ခွဲမှု
တွေ ပြုလုပ်ရမှာပါ။ ပြီးတော့ စွန့်ဦးတီထွင်သူ
တစ်ယောက်ရယ်လို့ ဖြစ်လာခဲ့ပြီဆိုရင် ဆောင်ရွက်
ရတဲ့ အရာတွေထဲမှာ စီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့အရာတွေ
လည်း ပါနေတာဖြစ်တဲ့ အတွက် ကိုယ်ဟာ အလိုလို
မန်နေဂျာတစ်ယောက် ဖြစ်လာခဲ့ပါပြီ ဖြစ်ပါတယ်။
အလုပ်သဘောအရ ပြောရရင်တော့ ကိုယ့်ရဲ့
ဝန်ထမ်းတွေဆိုတာ ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို
လက်တွေ့ အကောင်အထည် ဖော်ပေးနေသူတွေ
ဖြစ်ပါတယ်။ အဲဒီလို အကောင်အထည်ဖော်တဲ့
နေရာမှာ အချိန်တိုတိုနဲ့ ခရီးရောက်အောင်
ပြုလုပ်ပေးဖို့က ကိုယ့်ရဲ့တာဝန်ပဲ ဖြစ်ပါတယ်။
တော်တဲ့ မန်နေဂျာ တစ်ဦးဆိုတာ မိမိရဲ့
ဝန်ထမ်းတွေကို အလုပ်များများလုပ်ခိုင်းရုံ၊
အချိန်တိုတိုအတွင်းမှာ မြန်မြန်ပြီးမြောက်အောင်
လုပ်ခိုင်းရုံတင်မဟုတ်ပါဘူး။ ဝန်ထမ်းတွေကို
အလုပ်များများ လုပ်ခိုင်းတာဟာ သူတို့ကို
စိတ်မကျေနပ်မှုတွေ ပေးနိုင်ပြီး ကိုယ့်အပေါ်မှာ
ငြိုငြင်လာတဲ့အထိပါ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့်
ညှာတာပြီး ခိုင်းပြန်ရင်လည်း ဝန်ထမ်းတွေကို
ပျင်းရိစေပါတယ်။ ဝန်ထမ်းတစ်ဦးချင်းနဲ့ ကုမ္ပဏီ
တစ်ခုချင်းစီမှာ ခံယူချက် အသီးသီးရှိကြတဲ့အတွက်
အမှန်ဆုံး အုပ်ချုပ်မှုပုံစံရယ်လို့ မရှိပါဘူး။
ဒါပေမယ့် လုံးဝမှားယွင်းတဲ့ စီမံခန့်ခွဲမှုနည်းလမ်း
တွေတော့ ရှိပါတယ်။

အောက်မှာ ဖော်ပြထားတဲ့ ထိရောက်တဲ့
အုပ်ချုပ်မှုနည်းလမ်းတွေကို လိုက်နာခြင်းအားဖြင့်
မှားယွင်းတဲ့ စီမံခန့်ခွဲမှု ပုံစံတွေကို ရှောင်ရှားနိုင်မှာပဲ
ဖြစ်ပါတယ်။

၁။ 🔸အမြဲ တသမတ်တည်းရှိပါစေ။

ဒါဟာ နေရာတော်တော်များများမှာ အသုံးပြုတဲ့
ပထမဆုံး နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ကိုယ့်ရဲ့
စီမံခန့်ခွဲမှုဟာ ထိရောက်မှုရှိမရှိ မဆုံးဖြတ်ခင်မှာ
ပထမဆုံး အနေနဲ့ တစ်သမတ်တည်းရှိဖို့ လိုပါတယ်။
ကိုယ် အားပေးချီးမြှောက်မယ်လို့ ဆုံးဖြတ်ထားတဲ့
အပြုအမူမျိုးပေါ်လာချိန်တိုင်းမှာ အမြဲ အားပေး
ချီးမြှောက်ပြီး ကိုယ် သဘောမကျတဲ့ အပြုအမူမျိုး
ပေါ်လာချိန်တိုင်းမှာလည်း အမြဲ တားမြစ်ရပါမယ်။
အဲ့ဒါတွေအပြင် ကိုယ့်ရဲ့ အဖွဲ့ထဲမှာရှိတဲ့သူတွေ
အားလုံးကို မျှမျှတတ ဆက်ဆံရပါမယ်။

၂။🔸 ပြောဆိုဆက်ဆံရာမှာ ရှင်းလင်းမှု၊ တိကျမှုနဲ့
စေ့စပ်သေချာမှုတို့ကို အဓိက ထားပါ။

ကိုယ့်ရဲ့ အဖွဲ့သားတွေကို ဘယ်လိုမျိုး ပြောဆို
ဆက်ဆံသလဲဆိုတာဟာ ကိုယ့်ရဲ့ အောင်မြင်မှုကို
အဆုံးအဖြတ်ပေးပါတယ်။ ညွှန်ကြားချက်တွေကို
လက်ဆင့်ကမ်းပေးတဲ့အခါ၊ အစည်းအဝေးတွေ
အကြောင်းကို ပြန်ပြောတဲ့အခါ၊ ဒါမှမဟုတ်
အဖွဲ့အစည်းထဲက အကြောင်းအရာ အသစ်တွေကို
ဝေငှပေးတဲ့အခါတွေမှာ ရှင်းလင်းမှု၊ တိကျမှုနဲ့
စေ့စပ်သေချာမှုတွေကို အဓိက ထားသင့်ပါတယ်။
လူကိုယ်တိုင် ဖြစ်စေ၊ email ၊ တယ်လီဖုန်း ဘယ်လို
ပုံစံမျိုးနဲ့ ပြောဆိုဆက်သွယ်သည်ဖြစ်စေ
အဲ့ဒီအချက်တွေဟာ အသုံးဝင်နေမှာ ဖြစ်ပါတယ်။
ပြောဆိုဆက်သွယ်တဲ့နေရာမှာ နားလည်မှု
လွဲမှားတာတွေကို ရှောင်ကြဉ်ဖို့နဲ့ ကိုယ်ဆိုလိုတဲ့
အကြောင်းအရာတွေကို နားလည်စေဖို့အတွက်
ရှင်းရှင်းလင်းလင်းနဲ့ တိတိကျကျ စေ့စပ်သေချာစွာ
ပြောဆိုတတ်တာဟာ အကောင်းဆုံး နည်းလမ်း
တစ်ခုပဲ ဖြစ်ပါတယ်။

၃။ 🔸အဖွဲ့အစည်းအတွက် ပန်းတိုင်တစ်ခုကို သတ်မှတ်ပါ။

ကိုယ့်ရဲ့ အဖွဲ့ဝင်တွေကို အတူတကွ
အလုပ်လုပ်စေချင်ရင် သူတို့အတူ လုပ်ဆောင်ရမယ့်
အလုပ်မျိုးကို ထားရှိပေးဖို့ လိုပါတယ်။ ဌာနတစ်ခု
ဒါမှမဟုတ် တစ်ဦးတစ်ယောက်တည်းအတွက်
ပန်းတိုင်တွေ သတ်မှတ်ပေးတာဟာ စိတ်သဘော
ထား မတူညီတာတွေ ဖြစ်စေနိုင်ပြီး အဖွဲ့ဝင်တွေကို
သီးခြားစီဖြစ်စေနိုင်ပါတယ်။ အဲ့ဒီအစား အားလုံးကို
တညီတညွတ်တည်းဖြစ်စေနိုင်တဲ့ ဦးတည်ချက်မျိုးတွေ
ရှိအောင် လုပ်ဆောင်ပေးသင့်ပါတယ်။

၄။ 🔸အလုပ်ကြိုးစားမှုကို လူအများရှေ့မှာ
အသိအမှတ်ပြုပြီး ဆုချီးမြှင့်ပေးပါ။

ကိုယ့်ရဲ့ အဖွဲ့သား တစ်ယောက်ယောက်ဟာ
ပြောင်မြောက်တဲ့အရာတစ်ခုကို ပြုလုပ်လာခဲ့ရင်
သူ့ကို ဆုငွေ ပေးအပ်တာ၊ ဆုတံဆိပ် တစ်ခုခု
ချီးမြှင့်တာ ဒါမှမဟုတ် စကားနဲ့ ချီးမွမ်းတာလောက်ပဲ
ဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။ အဲ့ဒီလို ပြုလုပ်တဲ့
အခါ အဖွဲ့ရဲ့ရှေ့မှာ ပြုလုပ်တာဟာ ချီးမြှင့်ခံရတဲ့
သူကို စိတ်ကျေနပ်မှုရစေမှာ ဖြစ်ပါတယ်။
အလုပ်ကြိုးစားမှုအတွက် အသိအမှတ်ပြုခံရ
ကြောင်းကို တခြားသူူတွေကိုလည်း အသိပေးရာ
ရောက်ပါတယ်။ အရေးကြီးတာ တစ်ခုကတော့
နည်းလမ်း ၁ ကို မမေ့ဖို့ပါ။ ဘက်လိုက်တယ်လို့
အထင်မခံရအောင် ဆုပေးတဲ့နေရာမှာလည်း
တစ်သမတ်တည်းရှိဖို့ လိုပါတယ်။

၅။ 🔸စံနမူနာကောင်းဖြစ်ပါစေ။

မန်နေဂျာ တစ်ယောက် ၊ ခေါင်းဆောင် တစ်ယောက်
အနေနဲ့ ကိုယ့်ရဲ့ အပြုအမူတွေဟာ စံနမူနာ ဖြစ်နေ
သင့်ပါတယ်။ ကိုယ်ကိုယ်တိုင်က အလုပ်နောက်ကျ
ရင် ကိုယ့်ရဲ့ ဝန်ထမ်းတွေဟာလည်း အချိန်ကို
လေးစားမှာ မဟုတ်ပါဘူး။ ကိုယ်ဟာ အလွယ်တကူ
ဒေါသထွက်တတ်ရင် အခြားသူတွေဟာလည်း
သူတို့ရဲ့ စိတ်ခံစားမှုတွေကို ထိန်းချုပ်ဖို့ ကြိုးစား
တော့မှာ မဟုတ်ပါဘူး။ ဝန်ထမ်းတွေရဲ့ ရှေ့မှာ
စံပြဝန်ထမ်း တစ်ယောက် ဖြစ်အောင် ကြိုးစားသင့်
ပါတယ်။

၆။ 🔸လူတိုင်းအတွက် နည်းလမ်းတစ်မျိုးတည်းကို
အသုံးမပြုပါနဲ့။

ကိုယ့်ရဲ့ ဝန်ထမ်းတွေဆိုတာ ထူးခြားကွဲပြားတဲ့
အရည်အချင်းတွေ ၊ အားသာချက် ၊ အားနည်းချက်
တွေ ၊ အတွေးအမြင်တွေနဲ့ တည်ရှိနေကြတာပါ။
အဲ့ဒါကြောင့် သူတို့ကို စိတ်ဓာတ်တက်ကြွအောင်
လှုံ့ဆော်ပေးတဲ့ နေရာမှာ အားလုံးအတွက်
နည်းလမ်းတစ်ခုတည်းကိုပဲ အမြဲမသုံးသင့်ပါဘူး။
တစ်ဦးချင်းစီကို အလေးထားပြီး တစ်ဦးချင်းစီနဲ့
အဆင်ပြေမယ့် ပုံစံမျိုးကို ရွေးချယ်အသုံးပြုသင့်
ပါတယ်။

၇။ 🔸အတတ်နိုင်ဆုံး ပွင့်လင်းမြင်သာမှုရှိပါစေ။

ပွင့်လင်းမြင်သာမှုရှိခြင်းဟာ ခေါင်းဆောင်
တစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ဖော်ပြပေးတဲ့အပြင်
ကိုယ့်ဝန်ထမ်းတွေရဲ့ ယုံကြည်မှုကို ရစေပါတယ်။
ကိုယ်ဟာ တစ်စုံတစ်ခုနဲ့ ပတ်သက်ပြီး လိမ်ခဲ့တာ၊
ချန်လှပ်ထားတာမျိုး လုပ်ခဲ့မယ်ဆိုရင် ဝန်ထမ်းတွေနဲ့
ဆက်ဆံရေးကို ထိခိုက်စေပြီး ခေါင်းဆောင်
တစ်ယောက်အနေနဲ့ ရှိသင့်တဲ့ လေးစားခံရမှုကို
လည်း ထိခိုက်စေမှာ ဖြစ်ပါတယ်။

၈။ 🔸စိတ်ကူးစိတ်သန်း၊ အတွေးအမြင် အားလုံးကို
အားပေးပါ။

ဆွေးနွေးမှုတွေမှာ တက်ကြွစွာ ပါဝင်ပြောဆိုတတ်သူ
တွေ ၊ အဖွဲ့အစည်းကို တိုးတက်အောင် ဆောင်ရွက်
လိုစိတ်ရှိသူတွေ များများရှိလေ ကောင်းလေပါပဲ။
အဖွဲ့ဝင်တစ်ဦးဟာ သူ့ရဲ့ အတွေးအမြင်တစ်ခုကို
ထုတ်ဖော်ပြောလာခဲ့ရင် အဲ့ဒီအမြင်ဟာ ကိုယ့်ရဲ့
အမြင်နဲ့ လွဲနေမယ်၊ စိတ်ကူးကောင်း မဟုတ်ဘူး
ဆိုရင်တောင် အပြစ်တင်တာမျိုးတွေ မလုပ်သင့်ပါ
ဘူး။ ထင်မြင်ချက်တစ်ခုကို ထုတ်ဖော်ပြောဆို
တဲ့အတွက် တစ်စုံတစ်ယောက်ကို အပြစ်တင်
ခဲ့မယ်ဆိုရင် အပြစ်တင်ခံရသူမှာ စိတ်မကျေနပ်
မှုတွေ ဖြစ်စေပြီး အခြားသူတွေကိုလည်း သူတို့ရဲ့
အမြင်တွေ မပြောရဲအောင် တားဆီးလိုက်သလို
ဖြစ်စေပါတယ်။

၉။ 🔸ဝန်ထမ်းတွေကို အလုပ်မှာ ပျော်အောင်ထားပါ။

အလုပ်ခွင်ဟာ ပျော်ရွှင်စရာကောင်းနေဖို့အတွက်
ဘိလိယက်ခုံတွေ ထားပေးတာမျိုး၊ အဝတ်အစား
(Uniform) နဲ့ ပတ်သက်တဲ့ စည်းကမ်းတွေကို
ဖျက်သိမ်းပေးစရာ မလိုပါဘူး။ ဥပမာ – မစီစဉ်ထား
ဘဲ နေ့လည်စာ အတူတူ ထွက်စားတာမျိုး၊ နားနေခန်း
သက်သက်ထားပေးထားတာမျိုး၊ ဒါမှမဟုတ်
စကားစမြည်ပြောတာမျိုးဟာ ကိုယ့်ရဲ့ ဝန်ထမ်းတွေ
ကို ပျော်စေပါတယ်။ ဝန်ထမ်းတွေကိုသာ စိတ်ပျော်ရွှင်
အောင် ထားနိုင်ရင် သူတို့ဟာလည်း ကိုယ့်အတွက်
အကောင်းဆုံး ဆိုတာတွေကို လုပ်ဆောင်ပေး
ကြမှာပါ။

၁၀။ 🔸နားထောင်ပြီး မေးခွန်းတွေ မေးပါ။

အကယ်၍ တစ်စုံတစ်ယောက်ဟာ ကိုယ့်ရဲ့ အုပ်ချုပ်မှု
ပုံစံကို သဘောမကျတာ ဒါမှမဟုတ် ကုမ္ပဏီရဲ့
ဦးတည်ချက်ကို သဘောမကျတာမျိုး ကြုံလာခဲ့ရရင်
သူ့ကို နှုတ်မပိတ်ပစ်ပါနဲ့။ ပြောတာကို နားထောင်
ပေးပါ။ အဲ့ဒီကိစ္စအပေါ် ဘယ်လိုအတွေးမျိုး အမြင်မျိုး
ရှိလဲဆိုတာ တခြားသူတွေကိုလည်း မေးပါ။ အဲ့ဒီလို
ပွင့်ပွင့်လင်းလင်း ဆွေးနွေးခြင်းအားဖြင့် ပြဿနာများကို
ဖော်ထုတ် ဖြေရှင်းစေနိုင်ခြင်းဟာ နှစ်ဦး နှစ်ဖက်လုံး
အတွက် အကျိုးရှိစေပါတယ်။ အဲ့ဒီလို လုပ်ဆောင်ခြင်း
ဟာ ဝန်ထမ်းတွေကို ပိုပြီး ကျေနပ်စေကာ ပိုမို သိတတ်
လာစေပါလိမ့်မယ်။

👉အထက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေဟာ
ကိုယ့်ရဲ့ ပုဂ္ဂိုလ်ရေးရာ(Personal) ခေါင်းဆောင်မှုနဲ့
အုပ်ချုပ်မှုအတွက်လည်း အသုံးတည့်ပါလိမ့်မယ်။
အဲ့ဒီနည်းလမ်းတွေဟာ အောင်မြင်မှုကို ရရှိစေမယ့်
ညွှန်ကြားချက်တွေ အနေနဲ့ မဟုတ်ဘဲ အခြေခံကျတဲ့
အမှန်တရား၊ အသုံးဝင်တဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။
ကိုယ့်ရဲ့ ကိုယ်ပိုင် နည်းလမ်းတွေအပြင် အဲ့ဒီနည်းလမ်း
တွေကိုပါ လိုက်နာကျင့်သုံးကြည့်မယ်ဆိုရင် ကိုယ့်ရဲ့
ဝန်ထမ်းတွေဟာ ညီညွတ်ပြီး တန်ဖိုးရှိတဲ့ အဖွဲ့အစည်း
တစ်ခု ဖြစ်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *